
၂၀၂၅ ခုနှစ်အတွက် အာဖရိက တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ်ကလပ် PSG အသင်း ညာနောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီက ရရှိသွားပါတယ်။
သူဟာ လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာနဲ့ ဂါလာတာဆာရေး တိုက်စစ်မှူး ဗစ်တာ အိုဆီမန် တို့ကို ကျော်ပြီး ဒီဆုကို ရခဲ့တာပါ။
ဒါ့အပြင် အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို ၅၂ နှစ်အတွင်း ရှားရှားပါးပါးရတဲ့ နောက်ခံလူလည်း ဖြစ်လာပါတယ်။
မော်ရိုကိုသား ဟာကီမီဟာ ၂၀၂၅ ခုနှစ်အတွင်း PSG အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်၊ လီဂူးဝမ်း ချန်ပီယံဆု၊ ပြင်သစ်ဖလားနဲ့ UEFA စူပါဖလားတို့ကို ရရှိခဲ့သူဖြစ်ပါတယ်။
သူဟာ ၁၉၉၈ ခုနှစ်က ကွင်းလယ်လူ မူစတာဖာ ဟတ်ဂျီ နောက်ပိုင်း ၂၇ နှစ်အကြာမှာ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုရတဲ့ မော်ရိုကိုနိုင်ငံသား ဖြစ်သလို ၁၉၇၃ ခုနှစ်က ဆုရခဲ့တဲ့ ဇိုင်ယာ ဗဟိုခံစစ်မှူး ဘဝါန်ဂါချီမန်း နောက်ပိုင်း အာဖရိက အကောင်းဆုံးဆုရတဲ့ ရှားရှားပါးပါး နောက်ခံလူတယောက်လည်း ဖြစ်လာပါတယ်ေ
ဟာကီမီက “ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ဆုကို ရရှိတာဟာ ကျနော့်အတွက် တကယ်ကို ဂုဏ်ယူစရာ အခိုက်အတန့်ပါပဲ။ ဒီဆုဖလားဟာ ကျနော့်တယောက်တည်းအတွက် မဟုတ်ဘဲ အာဖရိကမှာ ဘောလုံးသမားဖြစ်ဖို့ အိပ်မက်တွေရှိကြတဲ့ သတ္တိရှိတဲ့ အမျိုးသား၊ အမျိုးသမီး အားလုံးအတွက်ပါ” လို့ ဆိုပါတယ်။
Photo:Reuters


