
ပီအက်စ်ဂျီအသင်းကို တရာသီလုံး ရှုံးပွဲမရှိချန်ပီယံအဖြစ် မှတ်တမ်းတင်နိုင်ဖို့ နည်းပြ လူးဝစ် အင်းနရစ်က ရည်မှန်းထားပါတယ်။
ပဲရစ်ကလပ်ဟာ ဧပြီ ၅ ရက် မနေ့ညက ကစားခဲ့တဲ့ အန်ဂါစ်နဲ့ပွဲစဉ်မှာ တဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် လက်ကျန် ၆ ပွဲအလိုမှာပဲ ပြင်သစ်လီဂူဝမ်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ချန်ပီယံဆုကို ၄ ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ပွဲစဉ် ၂၈ အထိ ရှုံးပွဲ လုံး၀မရှိသေးဘဲ ၂၃ ပွဲနိုင် ၅ ပွဲ သရေကျထားတာပါ။
လက်ကျန် ၆ ပွဲကိုလည်း ရှုံးပွဲမရှိအောင် ကစားပြီး တရာသီလုံး ရှုံးပွဲမရှိ ချန်ပီယံအသင်းအဖြစ် မှတ်တမ်းတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ နည်းပြ အင်းနရစ်က ပြောပါတယ်။
ရှုံးပွဲမရှိအောင် ကစားနိုင်မယ်ဆိုရင် ဥရောပထိပ်သီး ၅ ခုမှာ ရှုံးပွဲမရှိ လိဂ်ချန်ပီယံဖြစ်တဲ့ ၇ သင်းမြောက် အသင်းအဖြစ် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။


