
ကချင်-တရုတ် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လိုက်ပြီးနောက်ပိုင်း တရုတ်ပြည်ဘက်က အကန့်အသတ်နဲ့ ကုန်ပစ္စည်းတွေ ဝင်ရောက်နေပေမဲ့ အရင်ကထက် ကုန်ဈေးနှုန်းတွေ ကျဆင်းသွားတယ်လို့ သိရပါတယ်။
တနှစ်ဝန်းကျင်ခန့် ပိတ်ထားတဲ့ ကချင်-တရုတ် နယ်စပ်က ကန်ပိုင်တည်၊ လွယ်ဂျယ်၊ မန်ဝိန်းကြီး၊ လိုင်ဇာ၊ ပန်ဝါ၊ ဖီမော် စတဲ့ နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၂၅ ရက်မှာ တရုတ်အစိုးရက ပြန်ပြီးဖွင့်ခဲ့ပါတယ်။
နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်ပေးလိုက်ပေမဲ့ တရုတ်အစိုးရဘက်ကနေ ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ တင်သွင်းခွင့်ပေးထားတယ်လို့ သိရပါတယ်။
တရုတ်ပြည်ဘက်က စားသောက်ကုန်ပစ္စည်း၊ အထည်အလိပ်နဲ့ အိမ်ဆောက်ပစ္စည်းတွေကို တင်သွင်းခွင့် ပေးထားတာဖြစ်ပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လိုက်တဲ့နောက်ပိုင်း ကုန်ဈေးနှုန်းတွေတော့ ကျဆင်းလာတယ်လို့ လိုင်ဇာဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဂိတ်ပြန်ဖွင့်ပြီးတဲ့ နောက်ပိုင်းမှာတော့ သွင်းကုန်ဆိုရင် အဓိကကတော့ အစားအသောက်ကတော့ ဝင်တယ်။ ပြီးရင် ဆောက်လုပ်ရေးပစ္စည်းတွေပေါ့။ အဲဒါကြောင့်မို့ ဒီဘက်မှာက ကုန်ဈေးနှုန်းတွေ နည်းနည်းသက်သာသွားတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေက တော်တော်ဈေးကြီးတယ်။ ဘိလပ်မြေတအိတ်ဆိုရင် ၅၀-၆၀ လောက်ရှိတယ်။ အခုကတော့ ၂၅ ယွမ်ပေါ့ ၃၀ အဲဒီလောက်ပဲ ကျတော့တယ်။ ဒါပေမဲ့ လျှပ်စစ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကတော့ မဝင်သေးဘူး။ သူတို့ ပိတ်ထားသေးတယ်။ စားသောက်ကုန်ရယ်၊ ဆောက်လုပ်ရေးပစ္စည်းတွေရယ်၊ ပြီးတော့ အသုံးအဆောင်ပေါ့နော် အထည်တို့ပေါ့ ဝင်တယ်။”
နယ်စပ်တကြောရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်နေတဲ့ KIA ကို တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ဖိအားပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်ကစပြီး တရုတ်နိုင်ငံဘက်က ကချင်နယ်စပ်ဂိတ်တွေ အားလုံးကို ရုတ်တရက် ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်ကလည်း တရုတ်ပိတ်လိုက်တဲ့ နယ်စပ်ဂိတ်တွေအားလုံးကို တန်ပြန်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၉ ရက်က တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့က တရုတ်နိုင်ငံကို ထွက်ခွာပြီးနောက် ဒီဇင်ဘာ ၁၂ ရက်နေ့က ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ခဲ့ကြတာ ဖြစ်ပါတယ်။
နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ခဲ့တဲ့နောက် တရုတ်ဘက်က ကုန်ပစ္စည်းတွေ အဝင်မရှိဘဲ တရုတ်ဘက်ကနေ ကချင်ဘက်မှာ လာစိုက်ပျိုးထားတဲ့ တစ်သျှူးငှက်ပျောနဲ့ ဖရဲ၊ ကြံခင်းတို့လို သီးနှံကားတွေနဲ့ တရုတ်ဘက်ကို အဝင်ပဲရှိခဲ့ပြီး တရုတ်ဘက်က မြေရှားသတ္တုတူးဖော်ရေးအတွက် ကုန်ကြမ်းပစ္စည်းတချို့သာ ကချင်ဘက် ဝင်ရောက်ခဲ့တာပါ။
ဧပြီ ၁ ရက်မှာ လိုင်ဇာ-တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်ပစ္စည်းတချို့ တင်သွင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၅ ရက်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လိုက်ပြီးနောက် လိုင်ဇာမြို့မှာတော့ အရင်ကထက် တရုတ်နိုင်ငံဘက်ကနေ လူအဝင်အထွက်များနေပြီး နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှု အခြေအနေနဲ့ ပတ်သတ်ပြီး ဒေသခံတယောက်က ခုလို ပြောပါတယ်။
“တရုတ်ဘက်ခြမ်းက ဒီဘက်ကို ဝင်လာတဲ့သူတွေလည်း များတယ်။ ဒီဘက်ကတော့ တရုတ်ဘက်ခြမ်းကို သွားဖို့အတွက်ကို တရားဝင် လက်မှတ်တွေ လုပ်ပေးတာတွေ၊ အဲ့ဘက်ကို ထွက်ခွင့်ပြုတာတွေတော့ တရားဝင်တော့ ခွင့်မပြုထားသေးဘူး။ တရုတ်ဘက်ခြမ်းကနေ ဒီဘက်ကို ဝင်တဲ့သူတွေကတော့ ပိုများတယ်။ ကုန်ဈေးနှုန်းတော့ နည်းနည်းသက်သာလာတယ်။ လိုင်ဇာမြို့က နည်းနည်းကျဉ်းတော့ သူတို့ လာတည်းခိုဖို့တော့ အခက်အခဲဖြစ်တာပေါ့။ အဲ့တော့ သူတို့က ညနေကျရင် ဟိုဘက်ခြမ်းကို ပြန်သွားတဲ့ဟာတွေလည်း အများကြီးရှိတယ်။ ကုန်ကားတွေကတော့ နေ့တိုင်းပဲ တန်းစီလိုက် အမြဲတမ်းဝင်နေတာ ဟုတ်တယ်။ ကချင်ဘက်ကနေတော့ ကုန်ပစ္စည်းတွေ အများကြီးဝင်တာတော့ မတွေ့ရသေးဘူး။ အဓိကကတော့ သံ ကျောက် သွင်းတာရှိတယ်။ ဒီဘက်ကနေ တခြားစားသောက်ကုန်တွေ ဘာတွေကတော့ ကုန်သွယ်တာမျိုး မတွေ့ရသေးဘူး။ ပစ္စည်းနည်းနည်းပါးပါး ခရီးသွားရင်းနဲ့ ဒီဘက်ကနေ ယူသွားတာလောက်ပဲ။ လူတကိုယ်စာ သယ်သွားတဲ့ဟာတွေပဲ ရှိဦးမယ်။”
တရုတ်အစိုးရက ပြန်ဖွင့်ပေးလိုက်တဲ့ နယ်စပ်ဂိတ် ၆ ခုစလုံးဟာ KIA ထိန်းချုပ်နယ်မြေထဲရှိသလို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာ တနှစ်ခန့် ရှိလာပါပြီ။
အဲဒီနယ်စပ်ဂိတ်တွေထဲကနေ ကန်ပိုင်တည်နဲ့ လွယ်ဂျယ် တရုတ်နယ်စပ်ဂိတ်တွေက ကချင်ပြည်နယ်ရဲ့ အကြီးဆုံး နယ်စပ်ဂိတ်တွေ ဖြစ်ကြပါတယ်။
မြန်မာဘက်ခြမ်းကနေ လူအဝင်အထွက် နယ်စပ်ဖြတ်ကျော်ဖို့ အထောက်အထားတွေလည်း ပြုလုပ်ပေးနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မှတ်ပုံတင်နဲ့ သွားလို့ရတာတော့ ရှိတယ်။ ဒယ်ဟုန်ဘက် ရွှေလီ၊ ယင်ကျန်း၊ မန်ရှီ အဲ့ ၃ နေရာတော့ သွားလို့ရတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ဒီဘက်မှာ ကုသလို့ အဆင်မပြေတဲ့ဟာဆိုရင် ဟိုဘက်ကို သွားတာမျိုးဆိုရင် ကျန်းမာရေးနဲ့ သက်ဆိုင်ပြီးမှပဲ ခွင့်ပြုထားတာရှိတယ်။ တခြားရည်ရွယ်ချက်နဲ့ သွားတာတို့ကတော့ ခွင့်ပြုထားတာ မရှိဘူး။”
လွယ်ဂျယ်ဂိတ် ပိတ်ထားတဲ့ တနှစ်အတွင်းမှာ ကုမ္ပဏီဝန်ထမ်းတချို့သာ သွားလာခွင့် ရရှိခဲ့ပေမဲ့ လက်ရှိမှာ တရုတ်ဘက်ခြမ်းက ကုန်ကားအပါ ဝင်ထွက်သွားလာနေကြတာကို မြင်တွေ့ရတယ်လို့လည်း လွယ်ဂျယ်ဒေသခံဆီက သိရပါတယ်။
ကချင်-တရုတ် နယ်စပ်တကျောက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ လိုင်ဇာ၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ မန်ဝိန်းကြီး၊ ကန်ပိုင်တည်၊ ဖီမော်နဲ့ ပန်ဝါ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ အားလုံးကို KIA က ထိန်းချုပ်ထားပါတယ်။
ဟန်န


