
အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြူနီစီပယ်မြို့ တခုဖြစ်တဲ့ ဂိုရီဇီယာအနီးက ကော်ရ်မွန်စ်မြို့လေးမှာ နိုဝင်ဘာ ၁၇ ရက် အစောပိုင်းက နေအိမ် ၃ လုံး ပြိုကျခဲ့ပြီးနောက်မှာ လူ ၂ ယောက် ပျောက်ဆုံးနေကြောင်း အီတာလျံ မီးသတ်သမားတွေက ကြေညာချက်ထဲမှာ ပြောပါတယ်။
နာရီပေါင်းများစွာ ညလုံးပေါက် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မြေပြိုမှုကြောင့် နေအိမ်ပြိုကျမှု ဖြစ်နိုင်ခြေရှိကြောင်းလည်း ခန့်မှန်းထားပါတယ်။
လူငယ်တယောက်နဲ့ သက်ကြီးရွယ်အို အမျိုးသမီးတယောက်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီး အရေးပေါ်အဖွဲ့တွေဟာ တခြားတယောက်ကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ကြပါတယ်။
ဖရီအူလီ ဗယ်နက်ဇီယာ ဂျူ့လီယာ ဒေသဟာ အထူးသဖြင့် အူးဒီန်နဲ့ ဂိုးရိဇီယာ ပြည်နယ်တွေမှာ ပြင်းထန်တဲ့ မုန်တိုင်းတွေ ညလုံးပေါက် တိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့ရပြီး ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုအများအပြား ဖြစ်ပွားခဲ့ပါတယ်။
မြစ်ရေတွေ လျှံတက်ပြီး လမ်းတွေပြတ်တောက်သွားချိန်မှာ မီးသတ်သမားတွေဟာ ဒေသခံတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းဖို့ စေလွှတ်ထားတဲ့ လွမ်ဘာဒီ၊ ဗယ်နက်တိုနဲ့ အီမီးလီယာ ရိုမာညာမှ အထူးအဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေးအများအပြား ပြုလုပ်ခဲ့ကြောင်း သတင်းပေးပို့ခဲ့ကြပါတယ်။
ရောမမြို့ ဒီဇွန်းဆိုမှာ တောရ်ရဲမြစ်က ကမ်းပါးတွေ ပြိုကျခဲ့တာကြောင့် ဒေသခံတွေဟာ အိမ်ခေါင်မိုးတွေပေါ်မှာ လုံခြုံရာကို ရှာဖွေနေခဲ့ရပြီး ရဟတ်ယာဉ်တွေနဲ့ လှေတွေ လာရောက် ကယ်ဆယ်ခဲ့ကြပါတယ်။
မြေဆီလွှာ စိုစွတ်မှုနဲ့ မိုးဆက်လက်ရွာသွန်းမှုတွေကြောင့် တနေ့လုံး ကယ်ဆယ်ရေးလုပ်ငန်းတွေ ရှုပ်ထွေးသွားနိုင်ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။
Source: Reuters


