
လက်ဘနွန်နိုင်ငံ၊ ဆီဒွန်မြို့ကို အစ္စရေးက တိုက်ခိုက်လို့ လူ ၁၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
အစ္စရေးစစ်တပ်က ဆီဒွန်မြို့နားက လူစည်ကားတဲ့ အိန်းအယ်လ်-ဟီလ်ဝေး ပါလက်စတိုင်း ဒုက္ခသည်စခန်းက လေ့ကျင့်ရေးစခန်းမှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တာဖြစ်ြီး အဲဒီစခန်းကို ပါလက်စတိုင်းလှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ဖို့ အသုံးချခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟားမတ်စ်က နောက်ပိုင်းမှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။
ပစ်မှတ်ထားတဲ့နေရာဟာ လှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ လေ့ကျင့်ရေးစခန်းဖြစ်တယ်ဆိုတဲ့ ဇီယွန်ဝါဒီ သိမ်းပိုက်ရေးတပ်မတော်ရဲ့ ပြောဆိုချက်တွေနဲ့ စွပ်စွဲချက်တွေဟာ ရာဇဝတ်မှုကျူးလွန်တာကို တရားမျှတသလိုဖြစ်အောင်လုပ်ဖို့ ရည်ရွယ်တဲ့ လိမ်ညာမှုသက်သက်သာ ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
တိုက်ခိုက်မှုဟာ စခန်းမှာနေထိုင်သူတွေသုံးတဲ့ လေဟာပြင် အားကစားကွင်းတခုကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောခဲ့ပြီး လက်ဘနွန်က ဒုက္ခသည်စခန်းတွေမှာ စစ်တပ်တွေ မရှိဘူးလို့လည်း ဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ လက်ဘနွန်နိုင်ငံအတွင်း စခန်း ၅ ခုကို သိမ်းပိုက်ထားပြီး အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာ ဒါမှမဟုတ် တခါတရံမှာ ဟားမတ်စ်အဖွဲ့ဝင်တွေကို ပစ်မှတ်ထားရင်း လက်ဘနွန်နိုင်ငံတောင်ပိုင်းကို လေကြောင်းကနေ မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ပြီးခဲ့တဲ့နှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်ကို သဘောတူခဲ့ပါတယ်။
အဲဒီသဘောတူညီချက်ထဲမှာ လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်တောင်ပိုင်းမှာ လက်နက်တွေ လုံးဝဖြုတ်သိမ်းရမှာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေက လက်ဘနွန်ကနေ လုံးဝထွက်ခွာရမယ် ဆိုတဲ့ အချက်တွေ ပါရှိပါတယ်။
Source: Reuters


