Home
မြန်မာသတင်း
ပလက်ဝ-မီဇိုရမ်နယ်စပ်လမ်း ပိတ်ထားသဖြင့် ကုန်စျေးနှုန်း မြင့်တက် 
DVB
·
November 18, 2025

ပလက်ဝ-မီဇိုရမ်နယ်စပ်ကုန်သွယ်ရေးလမ်းတွေကို ယာယီပိတ်ထားရတဲ့အတွက် ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှာကို ကုန်သည်တွေက စိုးရိမ်ပူပန်နေကြသလို ဒေသတွင်းကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာနေပါတယ်။  

ရခိုင်ပြည်နယ်ကနေတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်မှုနှုန်း များလာနေတဲ့အတွက် ယာယီပိတ်ပင်ထားတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။

အဲဒီလမ်းကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ကနေ ၂၀ ရက်အထိ ပိတ်ထားမယ်လို့ သက်ဆိုင်ရာ နှစ်ဖက်အာဏာပိုင်တွေက ပြောဆိုထားပေမဲ့ ရောဂါကူးစက်မှုနှုန်းပေါ်မူတည်ပြီး ထပ်တိုးပိတ်သွားနိုင်တယ်လို့ ‌ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ကုန်သည်တယောက်က “လမ်းပိတ်ထားတာက ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါကြောင့်ပါ။ လူသေနှုန်းတွေလည်း ရှိပါတယ်။ ကူးစက်မှုနှုန်းကလည်း အရမ်းမြန်ပါတယ်။ နယ်စပ်ဘက်မှာ ဖြစ်နေတာပါ။ ၁၃ ရက်နေ့ကတည်းက လမ်းပိတ်ထားတာပါ၊ ၂၀ ရက်နေ့အထိတော့ ပြောပါတယ်။ ဒါပေမဲ့ သူတို့က ‌ရောဂါအခြေအနေပေါ်မူတည်ပြီးတော့ ထပ်ပြီးတော့ ရပ်တိုးသွားတာလည်း ဖြစ်နိုင်ပါတယ်။ လမ်းမှာပိတ်မိနေတဲ့ ကုန်သည်တွေလည်းရှိပါတယ်။ ၁၃ ရက်မတိုင်ခင် ၁၁ ရက်၊ ၁၂ ရက်မှာ ထွက်လာတဲ့ကုန်သည်တွေက နယ်စပ်ကိုရောက်တယ်၊ ရခိုင်ဘက်လည်းမရောက် မီဇိုရမ်ထဲလည်းမဟုတ် အဲလိုမျိုးကြားထဲမှာ ပိတ်မိနေတဲ့ကုန်သည်တွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။

ပလက်ဝ-မီဇိုရမ်ကုန်သွယ်ရေး လမ်းကြောင်းဟာ ရခိုင်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွေမှာ လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးရရှိနိုင်ဖို့ အဓိက မှီခိုအားထားနေရတဲ့ အရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကုန်သည်တွေ ရာချီပိတ်မိနေကြသလို လမ်းပိတ်ထားတဲ့အချိန် ကြာလာတာနဲ့အမျှ သယ်ယူစရိတ်ကြီးမြင့်တာ၊ တာရှည်မခံတဲ့ ကုန်စိမ်းပစ္စည်းတွေ ပျက်စီးဆုံးရှုံးရနိုင်ခြေရှိတယ်လို့ နောက်ထပ်ကုန်သည်တ‌ယောက်က ပြောပါတယ်။

“ကုန်စိမ်းကုန်သည်တွေအတွက်တော့ တအားအဆင်မပြေပါဘူး၊ အခက်အခဲဖြစ်ရပါတယ်။ ကုန်စိမ်းတွေကျတော့ တာရှည်လည်းမခံဘူး၊ ကြက်ဥတို့ ကြက်သွန်တို့ကျတော့လည်း လမ်းမှာ ပိတ်မိနေတယ်ဆိုတော့ ပိုအခက်အခဲဖြစ်ပါတယ်။ ကုန်ခြောက်တွေကျတော့ ပြဿနာမရှိဘူးလေ။ မီဇိုရမ်ဘက်ကို သွားမယ်ဆိုရင်လည်း အဆင်မပြေဘူး၊ ရခိုင်ဘက်ကျတော့လည်း ပြန်လာလို့ မရဘူးဆိုတော့ လမ်းမှာပိတ်မိနေတဲ့ ကုန်စိမ်းကုန်သည်တွေက တအားအခက်အခဲဖြစ်နေပါတယ်။ ဒီလိုလမ်းခရီးက ကြာရှည်နေမယ်ဆိုရင် အကုန်လုံးကို ဆုံးရှုံးသွားနိုင်ပါတယ်။ ကုန်စိမ်းတွေကျတော့လည်း ဆုံးပြီဆို ဆုံးပြီပဲ ပြန်‌ရောင်းလို့တောင်မရဘူး။ လမ်းမှာ စားဝတ်နေရေး အခက်အခဲတို့၊ လမ်းစရိတ်ပိုကုန်တာမျိုးတို့ ရှိပါတယ်။ ရက်တာရှည်နေရင်တော့ လုံးဝအဆင်ပြေမှာမဟုတ်တော့ဘူး။”

လက်ရှိမှာ ကုန်စည်ဝင်ရောက်မှု ပြတ်တောက်သွားတဲ့အတွက် ဒေသတွင်း ကုန်ဈေးနှုန်းတွေ ဈေးနှုန်းမြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်ဒေသခံတယောက်က “လမ်းပိတ်ထားလို့ ကုန်‌ဈေးနှုန်းတွေ တက်နေတယ်ဆိုတာတော့ ကြားမိပါတယ်။ ဓာတ်ဆီဈေးတို့၊ အခြေခံစားသောက်ကုန်ဈေးနှုန်းတို့တက်နေတာတော့ တွေ့ပါတယ်။ ဆပ်ပြာမှုန့် (ဒေသအခေါ် သပုန်မှုန့်) ထုပ်တွေဆိုရင် ပုံမှန် ၁,၀၀၀ ဖိုး ၂ ထုပ်ဆိုရင် ခုက  ၁ ထုပ်ပဲ ရပါတယ်။ ပုံမှန်ဆိုရင် ၁၀,၀၀၀ နဲ့ ရတာကို ၁၁,၀၀၀ တို့ ၁၁,၅၀၀ တို့ အဲလိုမျိုး အသီးသီးတက်သွားတာတော့ ရှိပါတယ်။”

ပလက်ဝ-မီဇိုရမ်ကုန်သွယ်ရေးလမ်းကြောင်းရှိရာ ပလက်ဝခရိုင်၊ ရှင်းလက်ဝဒေသမှာ လက်ရှိ ဝမ်းရောဂါဖြစ်ပွားသူဦးရေ ၃၀၀ ကျော်ရှိနေပြီး AA ရဲ့ ကျန်းမာ‌ရေးဝန်ထမ်းတွေက ဆေးကုသ ပေးနေတဲ့အပြင် ကူးစက်ရောဂါ မပြန့်ပွားအောင် လုပ်ဆောင်နေတယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ကေခိုင် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013