Home
မြန်မာသတင်း
ပလက်ဝတွင် ဝမ်းရောဂါဖြစ်ပွားသူ ၃၀၀ ဝန်းကျင်ရှိလာ 
DVB
·
November 13, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝခရိုင်၊ ရှင်းလက်ဝ တိုက်နယ်အတွင်းမှာ ဝမ်းလျှော ဝမ်းပျက်ရောဂါ ဖြစ်ပွားနေသူ ၃၀၀ နီးပါးအထိ ရှိလာနေပြီး အရေးပေါ် လူနာအဖြစ် အယောက် ၃၀ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ AA ရဲ့ အာရက္ခ ပြည်သူ့ကျန်းမာရေဌာန (AHD) က ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်က တွီတင်း၊ လုံးတင်၊ ကာကီ ကျေးရွာတွေက စတင်ဖြစ်ပွားခဲ့တဲ့ ပြင်းထန် ဝမ်းလျှော ဝမ်းပျက်ရောဂါဟာ ပလက်ဝမြို့နယ်အထိ ပျံ့နှံ့လာတာလို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာန (AHD) က ထုတ်ပြန်ပါတယ်။

​အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ၊ NGO/CSO တွေနဲ့ ပူးပေါင်းပြီးတော့ ကုသရေးလုပ်ငန်းတွေနဲ့ ရောဂါမပြန့်ပွားရေး လုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

​အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက နိုဝင်ဘာ ၄ ရက် ကတည်းက အန္တရာယ်ရှိအုပ်စုတွေကို ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးနေပြီး လက်ရှိမှာ ရောဂါသစ် ကူးစက်သူ ၅ ရာခိုင်နှုန်းအောက်ကို ကျဆင်းလာပြီလို့ AHD က ဆိုပါတယ်။

နိုဝင်ဘာလ အစောပိုင်းက စတင်ဖြစ်ပွားနေတဲ့ ဝမ်းရောဂါကြောင့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ တွီတင်းနဲ့ ကာကီကျေးရွာတွေမှာ နိုဝင်ဘာ ၁၂ ရက်အထိ သေဆုံးသူ ၆ ယောက်အထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ ရခိုင်ကုန်သည်တွေက ပြောပါတယ်။

ပြင်းထန်တဲ့ ဝမ်းလျှော ဝမ်းပျက် ဖြစ်ပွားနေကြတဲ့ ရွာတွေဟာ နယ်စပ်က ကျေးရွာတွေ ဖြစ်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းကြတယ်လို့ လောင်တလိုင်ရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

“နိုဝင်ဘာလ အစောပိုင်းကတည်းက ဝမ်းရောဂါ ဖြစ်နေကြတာ။ အခု သေဆုံးမှုတွေ ရှိလာတာကြောင့် ရောဂါဖြစ်ပွားနေတဲ့ ရွာတွေကို Lockdown ချထားပြီး ဆေးကုသမှုတွေ လုပ်နေကြတယ်လို့ သိရတယ်။ သေဆုံးမှုဖြစ်ပွားတဲ့ ရွာတွေက နယ်စပ်ရွာတွေ ဖြစ်တာကြောင့် ကျန်းမာ​ရေးစောင့်ရှောက်မှု အားနည်းတဲ့ရွာတွေ ဖြစ်တယ်။ အခု ပလက်ဝမှာလည်း ကူးစက်မှု ဖြစ်နေလို့ နှစ်နိုင်ငံ နယ်စပ်​လမ်းကြောင်းတွေ အားလုံးကို ယာယီပိတ်ထားတယ်။”

အခု ဝမ်းရောဂါဖြစ်ပွားနေကြတဲ့ တွီတင်း၊ ကာကီ ကျေးရွာတွေမှာ ချင်းပြည်နယ်က စစ်ရှောင်တွေပါ လူဦးရေ ၅၀ နီးပါး ဝမ်းရောဂါ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

​နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် ရခိုင်ပြည်နယ်မှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ကုန်စျေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013