
ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို လက်လွှတ်လိုက်ရတဲ့အတွက် စစ်ကောင်စီက ကမ်းရိုးတန်းစစ်ဌာနချုပ် (ကရခ) တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို စုံခုံစစ်ဆေးနေတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့က စစ်ကောင်စီ ရဲ့ ခံစစ်စခန်းကို နိုဝင်ဘာ ၁၄ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၅ ရက်မှာ တိုင်းမှူး စစ်ဆေးခံရတာလို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။
“မောတောင် အသိမ်းခံရတာနဲ့ပတ်သက်ပြီး တိုင်းမှူးကို ကစထ ၄ က ခေါ်စစ်နေတယ်။ မောတောင်ကို ပြန်ရဖို့အတွက် နေပြည်တော်က ဖိအားပေးတာရှိသလို စစ်ကူတွေလည်း အဆက်မပြတ် ပို့နေတယ်။ တပ်ချုပ် ရတခ ကိုသွားတာ ကရင်ပြည်နယ်က ကျားဖြန့်ကိစ္စပါသလို မောတောင်ကိစ္စလည်း ပါတယ်။ တကယ်လို့ မောတောင်ကို ကရခ က ပြန်မရဘူးဆိုရင် တိုင်းမှူးအသစ် ချိန်းဖို့တောင် အစီအစဥ်ရှိတယ်။”
နိုဝင်ဘာ ၁၅ ရက်က ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေနဲ့အဖွဲ့မှာ ဗိုလ်ချုပ်ကျော်ကျော်ဟန်နဲ့ နည်ဗျူဟာအဖွဲ့ကို မြိတ်မြို့နယ်ရှိ ကရခတိုင်းရုံးမှာ စုံခုံစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်က နိုဝင်ဘာ ၁၆ ရက်မှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို သွားရောက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်က စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်နဲ့နည်းဗျူဟာက စစ်ကောင်စီအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မောတောမြို့ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၁၄ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်း ၄၃ ယောက်ကို ဖမ်းမိပြီး လက်နက်ခဲယမ်း အများအပြားကို ရရှိခဲ့ပါတယ်။
စစ်ဦးစီးတက္ကသိုလ်ကနေ ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ တိုင်းမှူးအဖြစ် ခန့်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးနေရာကို စစ်ခေါင်းဆောင်က ဗိုလ်ချုပ်စောသန်းလှိုင်၊ ဗိုလ်မှူးချုပ် ကျော်စွာဦး၊ ဗိုလ်ချုပ်စိုးမင်း၊ ဗိုလ်မှူးချုပ်ပြည့်စုံလင်းနဲ့ ဗိုလ်ချုပ်ကျော်ကျော်ဟန် ၅ ဦးအထိ ပြောင်းလဲခဲ့ပါတယ်။


