Home
ဆောင်းပါး
ဖြုတ် ထုတ် သတ် ရွေးကောက်ပွဲ
DVB
·
November 17, 2025

မုန်ယိုနေတဲ့ မျက်ကန်းဆင်တကောင် တောတိုးလာသမျိုး မင်းအောင်လှိုင် ခတ်ကွင်းပြင်နေတဲ့ တရားမဝင် ရွေးကောက်ပွဲ ဆိုတာကြီးကို မြင်လိုက်ရတယ်။

ဖြစ်ချင်ရာဖြစ်၊ ရွေးကောက်ပွဲဖြစ်ဖို့သာ နံပါတ်တစ်၊ တရုတ်စပွန်ဆာ ရထားတဲ့ ရွေးကောက်ပွဲမို့ ဘယ်ကမ္ဘာ ဘာပြောပြော ဂရုမစိုက်ချင်ယောင်ဆောင်ကာ အတုအယောင် ရွေးကောက်ခံအစိုးရ ဖြစ်လာရေးအတွက် ပတ်ကြမ်းတိုက်နေခြင်းလည်း ဖြစ်တယ်။

ငါတို့ လုပ်ချင်သလို လုပ်မယ့် ရွေးကောက်ပွဲကို ဝင်ချင်ရင် ဒူးထောက် လက်မြှောက်လိုက်ကြလို့ ခါးကြားမှာ ဗြောက်ထိုးထားပြီး မင်းအောင်လှိုင် မာန်မဲတယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီမှာ ရွေးကောက်ပွဲပြုလုပ်ခွင့်မရှိဘူးလို့ ပြတ်ပြတ်ရပ်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပါတီတချို့က အဖက်မလုပ်ခဲ့တာကြောင့် ပါတီတွေကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ ကြေညာခဲ့တယ်။

စစ်ကောင်စီ အလိုကျ စစ်ကောင်စီ သွားချင်တဲ့ ဒီမိုကရေစီအနံ့ ထည့်ထားရုံ ရာသက်ပန် စစ်ကျွန်ပြု‌ရေးလမ်းပေါ် ကျနော်၊ ကျမတို့ သစ္စာရှိစွာနဲ့ လျှောက်လှမ်းပါ့မယ် ဆိုတဲ့ ပါတီတွေနဲ့ မျက်နှာပြောင်ပြောင်ပဲ ရှေ့ဆက်တယ်။

အာဏာသိမ်းစစ်ကောင်စီမှာ ရွေးကောက်ပွဲပြုလုပ်ခွင့် မရှိဘူး ဆိုတာကို တွေ့ဆုံဆွေးနွေး အဖြေရှာရေး အကြောင်းပြချက်နဲ့ မသိချင်ယောင်ဆောင်ကာ နိုင်ငံတချို့က အကြမ်းဖက်မှုတွေ ရပ်ဖို့နဲ့ အားလုံး ပါဝင်သော ရွေးကောက်ပွဲ ဖြစ်ရေး တောင်းဆိုကြတယ်။

စစ်ဗိုလ်ချုပ်တွေက ဘယ်သူ ဘယ်လိုပြောပြော အေးဆေး။ စစ်ကောင်စီ နာမည်ကို စစ်ကော်မရှင် ဆိုပြီး ပြောင်းကာ တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်ရေး နောက်တလှမ်း ထပ်တိုးခဲ့သလို စစ်ရေး အရှိန်မြှင့်လိုက်ရုံတင်မက ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုကိုလည်း ဒေါသတကြီး လီဗာတင်ပစ်တယ်။

အားလုံး ပါဝင်သော ရွေးကောက်ပွဲဆိုတဲ့ အသံ ကျယ်လောင်နေတဲ့ အချိန်မှာ တရားမဝင် ရွေးကောက်ပွဲ ဝင်ပါရစေဆိုပြီး ဒူးထောက်မှတ်ပုံတင်ထားတဲ့ ပါတီတချို့ကိုတောင် အကြောင်းရှာ ဖျက်သိမ်းပစ်ပြကာ ပါးစပ်ပေါက်တွေ ပိတ်ထားကြဖို့ သတိပေးခဲ့ပြန်တယ်။

စက်တင်ဘာ ၉ ရက် မမျှော်လင့်ထားတဲ့ ပွဲသိမ်းရိုက်ချက်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီဝင် သတ်မှတ်လူဦးရေမပြည့်လို့ ဆိုပြီး ဖျက်သိမ်းခံလိုက်ရခြင်းပါပဲ။ တပြိုင်နက်မှာပဲ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီတို့ကိုလည်း ပါတီရုံးခန်း သတ်မှတ်အရေအတွက် မပြည့်မီလို့ဆိုပြီး မင်းအောင်လှိုင် လက်ပါးစေ ရွေးကောက်ပွဲ ကော်မရှင်က အဆုံးစီရင်။

NDF ပါတီ ဆိုတာက ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ခြံခုန်ကူးခဲ့တဲ့ NLD သစ္စာဖောက်တွေနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပြီး အခု တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်တော့မယ် ဆိုတော့ နောက်ထပ် NLD သစ္စာဖောက်တွေပါ ထပ်မံစုရုံးလာတာကြောင့် အနာဂတ်ကာလမှာ ဟောင်ဖွာဖွာ လုပ်နိုင်ခြေရှိမယ်လို့ ကြိုတွေးကာ ကြိုတင်ရှင်းပစ်ခဲ့တဲ့ပုံ။ သူ့ဘာသာ သစ္စာဖောက်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် NLD သွေးပါခဲ့ဖူးရင် မယုံကြည်ဘူးဆိုတဲ့ သဘော။

အခုလည်း NLD ပါတီကို ခြေစုံကန် ခြံခုန်ခဲ့ရုံတင်မက နွေဦးတော်လှန်ရေးကိုပါ ကက်ကက်လန် ရန်တွေ့ကာ မင်းအောင်လှိုင် အကြိုက်ဆောင်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင် အလှည့်။ အကြွေးမဆပ်နိုင်သူ ရွေးကောက်ပွဲဝင်ခွင့်မရှိ ပုဒ်မနဲ့ အမတ်လောင်းအဖြစ်ကနေ ရှင်းထုတ်ခံရ။ ယောင်ခြောက်ဆယ်ဒီမိုကရေစီ NDF ပါတီရော သက်သက်ခိုင် ပါ သနားသောအားဖြင့် ရွေးကောက်ပွဲတော့ ဝင်ခွင့်ပြုပါ အဘကြီးလို့ မျက်ရည်နဲ့မျက်ခွက် ခြေသလုံး ဖက်မတတ် တောင်းပန်ခဲ့တာတောင် ထွေးပြီးသားတံတွေး ပြန်မလျက်ဘူး ဆိုတဲ့ မင်းအောင်လှိုင် ပယ်ချခဲ့တယ်။

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ အေးမောင် ကိုကျ တရားမဝင်ရွေးကောက်ပွဲ ဝင်ခွင့်ရအောင် မင်းအောင်လှိုင် ဘာကြောင့် လွတ်ငြိမ်းခွင့် ပြုခဲ့ပါသလဲ။ အေးမောင်ကို ရခိုင့်အရေး အသုံးချစရာ ရှိနေလို့ ရွေးကောက်ပွဲ ဝင်ခွင့်ရအောင် လုပ်ပေးခြင်းဖြစ်ပြီး NDF တို့၊ သက်သက်ခိုင် တို့ကျ အနာဂတ်မှာလည်း အာရုံမရှုပ်အောင် ရှင်းထုတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း ဘယ်သူမဆို မျက်မှောင် တချက်ကြုတ်စရာမလိုဘဲ အဖြေထုတ်နိုင်တယ်။ ဒါကို ဆန့်ထုတ်တွေးကြည့်ရင် မင်းအောင်လှိုင်ဟာ တရားမဝင် ရွေးကောက်ပွဲအလွန် မဟာဗျူဟာမြောက် မျှော်လင့်ချက်ရှိနေကြောင်း ထပ်အဖြေထွက်ပါမယ်။ ထား။

အရှင်းခံရတဲ့ ပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေအားလုံးက ဘုံသဘောတူညီချက် ရထားကြသလိုမျိုး။ အားလုံးရဲ့ တူညီချက်က အရှင်းခံရတဲ့အပေါ် မျက်ရည်ကျပြရုံသာ တတ်ပြီး လေပြည်ကလေးနဲ့တောင် ခွန်းတုံ့မပြန်ဝံ့ခြင်းပါပဲ။ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ရင် နှုတ်သီးကောင်း လျှာပါး NDF ပါတီ ဒုဥက္ကဋ္ဌ စန္ဒာမင်း ဆိုရင် ပါတီဖျက်သိမ်းခံရတော့ စိတ်ခွန်အားလည်း မရှိတော့၊ စိတ်ဒဏ်ရာ တော်တော်ရသွားရှာတယ်လို့ မီဒီယာကို ဖြေတယ်။ မင်းအောင်လှိုင်ကိုတော့ အဘကြီး လုပ်ရက်လေခြင်းလို့ မျက်လွှာလေး အောက်ချပြီးတော့တောင် မပြောဝံ့ရုံတင်မက ရွေးကောက်ပွဲကြီးကို ချစ်လွန်းလို့၊ ရွေးကောက်ပွဲ အထမြောက်ချင်လွန်းလို့ ဆိုပြီး  စန္ဒာမင်း အပါအဝင် ဖျက်သိမ်းခံ NDF အမတ် ၃၅ ဦးက တသီးပုဂ္ဂလ အမတ်လောင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်ကြဦးမယ်တဲ့။ မင်းအောင်လှိုင်ရဲ့ ဓားထက်ချက်က အဲဒီလို၊ အသေသတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လည်မျိုညှစ်ထားတာကိုတောင် အပြစ်ပြောမခံရတဲ့အပြင် လည်မျိုညှစ်ထားတဲ့လက် နာသွားမှာစိုးလို့ သနားခံရသေးတဲ့အဖြစ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ အထမြောက်ရေးသည် အရေးတကြီးနံပါတ်တစ် ဆိုတော့  ရှင်းစရာ ရှိတာ အကုန်ရှင်းဖို့ မင်းအောင်လှိုင် တရားမဝင်ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ၂၄(က)ကို ချွန်းဖွင့်တယ်။ အခုဆိုရင် ပုဒ်မ၂၄(က) ပြဋ္ဌာန်းမှုသက်တမ်း ၃ လကျော်အတွင်း  ရုပ်ရှင်အနုပညာရှင်တွေ အပါအဝင် လူ ၁၀၀ နီးပါးကို အဲဒီပုဒ်မနဲ့ ဖမ်းဆီးခဲ့ပြီး ဖြစ်တယ်။

ဒါ့အပြင် ရွေးကောက်ပွဲဝါဒဖြန့် ကမ်ပိန်းမရိုက်ပေးရင် ဖမ်းမယ်လို့ ခြိမ်းခြောက်ကာ ရုပ်ရှင်နဲ့ ဂီတသမားတွေကို ဗြောင်ဒုက္ခပေး။ တချို့လည်း တက်ကြွပျော်ရွှင်စွာ မြေကွက်လေးရမလား၊ တိုက်ခန်းလေးတခန်းလောက် ဖြစ်ဖြစ် မျက်စပစ်ခွင့်ရမလား အိပ်မက်တွေ ဘာတွေမက်လို့။ တချို့သော ရုပ်ရှင်နဲ့ ဂီတသမားတွေက မလုပ်ချင်ဘဲ လုပ်နေရကြောင်း ပရိသတ် မြင်သာအောင် မျက်နှာပေးတွေ၊ အရောင်အဆင်းတွေ၊ ဖြစ်သလို ဖရိုဖရဲတွေနဲ့ ထုတ်ပြ။ ပြည်သူတွေရဲ့ ကြားမှာလည်း ဘွိုင်းကောက် ဆိုတဲ့အသံ ကျယ်ကျယ်လောင်လောင် ထွက်လာတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စစ်ကော်မရှင် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမယ်လို့ ဘယ်သူကမှ ယုံကြည်မယ် မထင်ကြောင်း ပြောကြားခဲ့တယ်။

မင်းအောင်လှိုင်နဲ့ အပေါင်းအပါတသိုက်ကတော့ ရွေးကောက်ပွဲကို ဟန်ပြလုပ်တာသာဖြစ်လို့ ဘယ်သူမှ မယုံကြည်လည်း ဂရုမစိုက်ဘူးလို့ ဖြုတ်ထုတ်သတ်တွေ၊ လက်ထိတ်တွေနဲ့ အကြိမ်ကြိမ် အခါခါ လက်တွေ့ သက်သေပြနေလေရဲ့။

လင်းဆက်ငြိမ်းချမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013