
ချင်းပြည်နယ်၊ မတူပီမြို့အနီးမှာ နိုဝင်ဘာ ၁၇ ရက်က မြေအောက်အနက် ၂၇ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၄ ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကတော့ ဒီနေ့မနက် ၇ နာရီ ၃၄ မိနစ် ၂၆ စက္ကန့်အချိန်မှာ ဟားခါးမြေငလျင်စခန်းမှ တောင်ဘက် ၇၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း မတူပီမြို့ရဲ့ တောင်-အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ၃ ဒသမ ၉ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်သွားတာလို့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်ကလည်း မြန်မာစံတော်ချိန် ၃ နာရီ၊ မိနစ် ၄၀ ကျော်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၂၆ မိုင်ခန့်ကွာဝေးတဲ့ မြန်မာပြည်တွင်း မော်လိုက်မြို့ မြောက်-အရှေ့မြောက်ဘက် ၂၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။


