Home
နိုင်ငံတကာ
ဘာလီကျွန်းတွင် မီနီဘတ်စ်မတော်တဆမှုကြောင့် တရုတ်ခရီးသွား ၅ ဦး သေဆုံး
DVB
·
November 16, 2025
Photo: Reuters

အင်ဒိုနီးရှားနိုင်ငံရဲ့ အပန်းဖြေဘာလီကျွန်းမှာ နိုဝင်ဘာ ၁၄ ရက်က အငှားမီနီဘတ်စ်ကားတစီးဟာ လျှိုချောက် ခပ်တိမ်တိမ်ထဲကို ထိုးကျသွားခဲ့လို့ အနည်းဆုံး တရုတ်ခရီးသွား ၅ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့မှူး ဝစ်ဒ်ဝမ် ဆူတာဒီက ပြောပါတယ်။

တရုတ်နိုင်ငံသား ၁၃ ယောက်ဟာ ဒန်းပါဆာမြို့မှ ဘာလီကျွန်းမြောက်ပိုင်းရှိ ဘူးလဲလန်းဒေသကို သွားရောက်ချိန်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဘူးလဲလန်းရီဂျင်စီ ယာဉ်ထိန်းရဲဌာနအကြီးအကဲ ဘာ့တီးယာအားရီဖင်န်က “မနက် ၄ နာရီခွဲလောက်မှာ ဒန်းပါဆာကနေ ဆင်းငါ့ရာဂျာကို မောင်းလာတဲ့ ဟိုက်အေ့စ် ဗန်ကားတစီးက အထူးသဖြင့် ပါဒန်းဘူးလိယာ ဒေသတဝိုက်မှာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အဲဒီဗန်ကားထဲမှာ အင်ဒိုနီးရှား ယာဉ်မောင်းတယောက်နဲ့ တရုတ်နိုင်ငံသားက ၁၃ ယောက် လိုက်ပါလာပြီး လူကြီး ၁၂ ယောက်နဲ့ ကလေးတယောက် အပါအဝင် လူ ၁၄  ယောက်ဖြစ်တယ်။ ဒီဖြစ်ရပ်မှာ လူ ၅ ယောက်လောက် သေဆုံးခဲ့တယ်”လို့ ပြောပါတယ်။

ဒေသရဲတပ်ဖွဲ့မှူး ဝစ်ဒ်ဝမ် ဆူတာဒီက  “ယာဉ်မောင်းဟာ ယာဉ်ကို မထိန်းချုပ်နိုင်တာကြောင့် တခြားကားတစီးစီးနဲ့တိုက်မိမှာကို ရှောင်ရှားဖို့အတွက် သစ်ပင်တပင်ကို ဝင်တိုက်လိုက်ပြီး ဘယ်ဘက်ကို ကွေ့ပေမဲ့လည်း မီနီဘတ်စ်က လွင့်စဉ်ပြီး ချောက်တိမ်ထဲ  ထိုးကျသွားခဲ့တာ”လို့ ပြောဆိုပါတယ်။ 

ဒဏ်ရာရရှိသူတွေကို အနီးဆုံး ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းကတော့ အသက်ရှင် ကျန်ရစ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ နာမည်အသေးစိတ်အချက်အလက်တွေကို မသိရှိရလို့ အပြင်ပိုင်း ရင်ခွဲစစ်ဆေးမှုအတွင်း သူတို့ရဲ့ ဝိသေသ လက္ခဏာတခုခုကနေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ထုတ်ရမှာပါလို့ ဘူးလဲလန်း ပြည်နယ်ဆေးရုံ မှုခင်းဆရာဝန်ကလားရိဆာက ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013