
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ အခုသီတင်းပတ်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၉ ယောက်မှ ၁၄ ယောက်အထိ မြင့်တက်လာခဲ့ကြောင်း အစိုးရတာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့ပြီး အခုတော့ မိုးစဲသွားကာ နေရာအများစုမှာ ရေပြန်ကျနေပြီလို့ ဆိုပါတယ်။
ခရီးသွားဗဟိုချက် ဘာလီရဲ့ ပြည်နယ်မြို့တော် ဒန်းပါဆာမှာ လူ ၂ ယောက် ပျောက်ဆုံးနေပြီး သူတို့ကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမား ၁၂၅ ယောက် ဖြန့်ကျက်ထားကြောင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် မူဟာရီက ပြောကြားခဲ့ပါတယ်။
လူပေါင်း ၅၀၀ ကျော်ကို စာသင်ကျောင်းတွေနဲ့ ဗလီတွေဆီ ရွှေ့ပြောင်းပေးထားကြောင်းလည်း ဆိုပါတယ်။
မြစ်တွေ ကမ်းပါးပြိုကျပြီးနောက် လူတွေ မျောပါသွားရာကနေ လူသေဆုံးမှု အများစု ဖြစ်လာရတယ်လို့လည်း အဗ္ဗဒူလ် မူဟာရီက ပြောပါတယ်။
အသေအပျောက်စာရင်းထဲမှာ နိုင်ငံခြားသားတွေ မပါဝင်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီအရ သိရပါတယ်။
စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒန်းပါဆာမြို့တော်နဲ့ ဘာလီကျွန်းရဲ့ နယ်မြေ ၈ ထဲခုက ၆ ခုမှာ ရေကြီးခဲ့ပြီး ကျွန်းရှိ နိုင်ငံတကာလေဆိပ် အဝင်လမ်းမကြီး အပါအဝင် အဓိကလမ်းတွေ ပိတ်ဆို့ခဲ့ပါတယ်။ တချို့နေရာတွေမှာ မြေပြိုမှုတွေလည်း ရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက် ဒီနေ့မှာတော့ လေယာဉ်ဖျက်သိမ်းမှု သတင်းတွေ မရှိပါဘူး။ အင်ဒိုနီးရှား အရှေ့ပိုင်းက နူဆာ တန်ဂရာ မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။
Source: Reuters