Home
နိုင်ငံတကာ
ပန်ဂျပ်တွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၁ သန်းကျော် ထိခိုက်
DVB
·
August 29, 2025
Photo :Reuters

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ ဆိုးရွားပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာပေါင်း ၁,၆၀၀ ကျော် ရေနစ်မြုပ်သွားပြီး လူ ၁၇ ယောက်ထက်မနည်း သေဆုံးကာ လူ ၁ သန်းကျော် ထိခိုက်ခဲ့ကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ် အာဏာပိုင်အဖွဲ့က သြဂုတ် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရေနစ်သေဆုံးမှု အပါအဝင် မတော်တဆမှု အမျိုးမျိုးကြောင့် သေဆုံးသူ အရေအတွက် များပြားခဲ့တာဖြစ်ကြောင်း ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် အီရ်ဖန် အလီခန်းက အတည်ပြု ပြောပါတယ်။

အခုချိန်ထိ ပန်ဂျပ်ပြည်နယ်တဝန်းရှိ ရွာပေါင်း ၁,၆၉၂ ရွာဟာ ရေအောက်မှာ ရှိနေကြပြီး ခန့်မှန်းခြေအားဖြင့် လူပေါင်း ၁,၄၆၁,၉၆၆ ယောက် တိုက်ရိုက်ထိခိုက်ပြီးတော့ ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်အာဏာပိုင်တွေဟာ အခုသီတင်းပတ်အတွင်း ပန်ဂျပ်ပြည်နယ်ရှိ လူ ၁ သန်းကျော်ကို နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူတွေက သြဂုတ် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

မုတ်သုံမိုး သည်းသည်းမည်းမည်း ရွာသွန်းမှုနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ ဆည်တွေက ပိုလျှံတဲ့ရေတွေကို ဖောက်ထုတ်လွှတ်ချမှုတွေကြောင့် အရှေ့ပိုင်းပြည်နယ်အတွင်းကို စီးဝင်တဲ့ မြစ် ၃ ခုမှာ ရေတွေတိုးလာခဲ့တာကြောင့် အာဏာပိုင်တွေဟာ တချို့နေရာတွေမှာ မြစ်ကမ်းပါးတွေကို ဖောက်ချခဲ့တာဖြစ်ပါတယ်။

အိန္ဒိယဆည်တွေကနေ ဖောက်ချလိုက်တဲ့ရေတွေဟာ ရာဗီ၊ ဆွတ်လက်ချ်နဲ့ ချယ်နဘ် မြစ် ၃ စင်းထဲ စီးဝင်ကုန်ပြီး အဲဒီကနေ လျှံထွက်လာတဲ့ရေတွေဟာ ပါကစ္စတန်နိုင်ငံရဲ့ လူဦးရေထက်ဝက်လောက် နေထိုင်ပြီး ဂျုံ၊ ဆန်နဲ့ ဝါဂွမ်း အဓိကထွက်ရှိတဲ့ ပန်ဂျပ်ပြည်နယ်ထဲကို စီးဆင်းခဲ့တာတွေကြောင့်လည်း ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံစလုံးဟာ လျှပ်တပြက် ရေကြီးမှုတွေ ဖြစ်ပေါ်နေတဲ့ မုတ်သုံရာသီကို အပြင်းအထန် ရင်ဆိုင်နေကြရပါတယ်။

ဇွန်လ နှောင်းပိုင်းကစပြီး ပါကစ္စတန်မှာ သေဆုံးသူဦးရေ ၈၁၉ ယောက်ရှိခဲ့ပြီး အပြင်းအထန် ဘေးသင့်ခဲ့တဲ့ အိန္ဒိယဘက် ကက်ရ်ှမီးယားမှာ အခုလအတွင်း အနည်းဆုံး လူ ၆၀ သေဆုံးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013