ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ ဧရိယာအတွင်း ရေကြီးရေလျှံမှု ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နယ်စပ်မြစ်ကြောင်းကိစ္စ အောက်တိုဘာ ၉ ရက် ဒီနေ့ ဆွေးနွေးသွားမယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းဘုရင့်တပ်မတော် နယ်စပ်ရေးရာဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး နာတဖွန် ဖရာအိုကီရိုက ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေးမှာ ထိုင်းအာဏာပိုင်တွေက အတည်ပြုတဲ့ အဆိုပြုချက်ကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
မယ်ဆိုင်မြစ်ဟာ ပျမ်းမျှ အကျယ်အဝန်း အနည်းဆုံး မီတာ ၃၀ လောက် ထိန်းသိမ်း ထားသင့်တယ်လို့ ထိုင်းဘက်က အဆိုပြုထားပြီး ဒါမှသာ ရေစီးရေလာ ကောင်းမွန်စေဖို့နဲ့ မြစ်ကမ်းပါးတွေဆီ ရေလျှံတက်မယ့် အန္တရာယ်ကို သိသိသာသာ လျှော့ချထားနိုင်မယ်လို့ ဆိုပါတယ်။
ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ကတော့ မြစ်ပြင်ပေါ် ကျူးလွန်တိုးထွက်နေတဲ့ အဆောက်အဦတွေကို ဖယ်ရှားဖို့ ခိုင်မာတဲ့ အပြန်အလှန် ကတိကဝတ်တွေ လိုအပ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး နာတဖွန်က ပြောလိုက်ပါတယ်။
“၂၀၂၅ ခုနှစ်အတွက် အဆုံးစွန်ရည်မှန်းချက်ကတော့ မယ်ဆိုင်မြစ် ရေကြီးရေလျှံမှုကို အောင်အောင်မြင်မြင် တားဆီးနိုင်ဖို့ပါပဲ။”
လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်မြစ်အတွင်း မြစ်ပြင်ပေါ် ကျူးလွန်တိုးထွက်နေတဲ့ အဆောက်အဦ ၁၃ လုံးကို ဖယ်ရှားဖို့ အဆိုပြုခဲ့ပြီး အဲဒီထဲမှာ မြန်မာဘက်ခြမ်းက ၆ ခုနဲ့ ထိုင်းဘက်ခြမ်းက ၇ ခု ပါဝင်နေပေမဲ့ အခုအချိန်အထိ တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီး နာတဖွန်က ပြောပါတယ်။
ဒါကြောင့်မို့ အခုပြုလုပ်မယ့် အစည်းအဝေးမှာ နှစ်ဖက်စလုံးက ရေကြီးရေလျှံမှု ပြသနာ ကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုတွေကို ရေရှည်တည်တံ့အောင် ကူညီပေးနိုင်မယ့် ခိုင်မာတဲ့ အစီအမံတွေကို အနည်းဆုံး သဘောတူညီမှုရရှိဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
သတင်းရင်းမြစ်တခုရဲ့ အဆိုအရ ထိုင်းအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က မြန်မာဘက်ခြမ်းက မယ်ဆိုင်မြစ်ထဲ ရေကြီးရေလျှံမှုကြောင့် ကြွင်းကျန်တဲ့ ထူထဲတဲ့ ရွှံ့အမှိုက်တွေ စွန့်ပစ်တာတွေကို ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC) ဆီ တင်ပြကန့်ကွက်ပြီးနောက် မြန်မာအာဏာပိုင်တွေဘက်က အဆိုပါ လှုပ်ရှားမှုတွေ ရပ်တန့်ဖို့ အမိန့်ပေးခဲ့ပြီး အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
Source: Bangkok Post