
ထိုင်းနိုင်ငံမှာ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီ ကန့်သတ်ချိန်အတွင်း အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ အရက်သောက်ပါက အရေးယူမယ့် ဥပဒေသစ်ကို သတိထား ဆင်ခြင်ကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးပါတယ်။
ထိုင်းနိုင်ငံမှာ အရက်သေစာ ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေသစ်အရ နိုဝင်ဘာ ၈ ရက်ကစလို့ အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ခွင့်ပြုချိန်မဟုတ်ဘဲ အရက်၊ ဘီယာ သောက်သုံးပါက ဒဏ်ငွေဆောင်ရတော့မယ်လို့ သိရပါတယ်။
အထူးသဖြင့် ထိုင်းက ဈေးဝယ်စင်တာတွေ၊ ရပ်ကွက်ဈေးဆိုင်တွေနဲ့ 7-11 အရောင်းဆိုင်တွေမှာ အရက်၊ ဘီယာ ရောင်းချတာကို နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအတွင်း ကန့်သတ်ထားပြီး ဒီဥပဒေက ၁၉၇၂ ခုနှစ်ကတည်းက ရှိခဲ့တာပါ။
ဥပဒေသစ်အရ ကန့်သတ်ချိန်အတွင်း အရက်ရောင်းဝယ်တာအပြင် အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ သောက်သုံးတာကိုပါ ကန့်သတ်လိုက်တာပါ။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “အရင်တုန်းကတော့ သောက်သုံးသူကိုပဲ အရေးယူတာပေါ့။ အခုကတော့ သောက်သုံးသူရော ဆိုင်ရှင်ရော အရေးယူမယ်။ ဘတ် ၁၀,၀၀၀ အထိ ဒဏ်ငွေဆောင်ရမှာဖြစ်တယ်။ ယမကာ သောက်သုံးရာတင် မကဘူး၊ စာရွက်စာတမ်းတွေ စစ်ဆေးတာတို့၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ စစ်ဆေးတာတို့၊ စက်ဘီး ဆိုင်ကယ်တွေ စစ်ဆေးရင်းကနေ မလိုလားအပ်ဘဲ အမှုတွေ ၂ မှု၊ ၃ မှု တက်သွားမှာ ဖြစ်တဲ့အတွက် ကိုယ်ကြိုက်တတ်လို့ သောက်ရင် ကိုယ့်နေအိမ် တန်းလျားမှာ ကိုယ် သိုသိုသိပ်သိပ် သောက်ပါ။ အပြင်မှာထွက်ပြီး လမ်းသလားမယ်၊ ဟေးလားဝါးလားလုပ်မယ် စိတ်မကူးပါနဲ့။ ဘတ် ၁၀,၀၀၀ ဆိုတာ မရှိတဲ့သူအဖို့ အလုပ်ပုံမှန် မရှိသူအတွက် ရှာဖွေရခက်ပါတယ်။ နောက်ကြောင်းမှာ ရှိတဲ့ မိသားစုကို ဟိုရှာဒီရှာဖြစ်အောင် ဒုက္ခမပေးပါနဲ့လို့ အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။
နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအတွင်း အရက်၊ ဘီယာ ရောင်းဝယ်တာ၊ သောက်သုံးတာကို တွေ့ရှိရင် ရောင်းဝယ်သူရော၊ သောက်သုံးသူပါ အနည်းဆုံး ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ရမယ်လို့ သိရပါတယ်။
ဥပဒေအသစ်မှာ ခြွင်းချက်အနေနဲ့ ခွင့်ပြုထားတဲ့နေရာတွေတော့ ရှိပြီး ဟိုတယ်တွေ၊ လိုင်စင်ရ ဘားတွေနဲ့ နိုင်ငံတကာလေဆိပ်လို နေရာတွေမှာတော့ အချိန်ကန့်သတ်ထားတာ မရှိဘဲ အရက် တည်ခင်း ရောင်းချခွင့် ပေးထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အရက်၊ ဘီယာ ကြော်ငြာနဲ့ ပတ်သက်တဲ့ ဥပဒေကို တင်းကျပ်ထားပြီး အနုပညာရှင်၊ လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ အရက်ကြော်ငြာတာမျိုး ခွင့်မပြုဘူးလို့လည်း ဆိုပါတယ်။
အခုလို ထိန်းချုပ် ကန့်သတ်လိုက်တာကြောင့် အရက်ရောင်းချတဲ့ ဆိုင်တွေမှာလည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်။
ချင်းမိုင်ရောက် မြန်မာပြည်သားတယောက်ဖြစ်တဲ့ ကိုနော်ဆန်က “နေ့လယ်ဆိုရင် မနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီထိ ဝယ်ခွင့်ရှိတယ်။ အဲ့ချိန်ကြားပဲ ဝယ်ပြီး အကယ်၍ လမ်းဘေးဆိုင်မှာ ထိုင်သောက်ရင် သူတို့ ဖွင့်တဲ့အချိန်ပဲ ထိုင်သောက်ပါ။ သူတို့ဥပဒေက ပြီးခဲ့တဲ့ရက်ကမှ စထုတ်တာဆိုတော့ တကယ့်တကယ် အကျိုးသက်ရောက်မှု ဘယ်လိုရှိမလဲ မပြောပြတတ်သေးဘူး။ အနည်းဆုံး ၃ လကနေ ၄ လဝန်းကျင် စောင့်ကြည့်ရမယ်။ တချို့တွေက တနေကုန်မူးပြီး တချို့အရက်သမားတွေက တနေကုန်မူးပြီး လူပျက် ဖြစ်သွားတာပေါ့။ အဲဒါကြောင့် သူတို့ အချိန်ကန့်သတ်လိုက်တာပေါ့။ တချို့အလုပ်သမားဆိုရင်လည်း အဲလို ပေးရောင်း ပေးသောက်ရင် အကျိုးသက်ရောက်မှု ရှိတယ်လေ။ တချို့ အလုပ်သမားတွေက အရက်သောက်မှ အလုပ်လုပ်နိုင်တာတို့ ဘာတို့ပေါ့” လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်က အဲဒီဥပဒေကို ပြန်သုံးသပ်ဖို့အတွက် ကျန်းမာရေးဌာနနဲ့ ဆွေးနွေးဖို့ ပြည်ထဲရေးဌာနကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ကန့်သတ်ထားတဲ့ ဥပဒေဟာ ထိုင်းနိုင်ငံသားတွေသာမက ထိုင်းမှာနေထိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ နိုင်ငံခြားသား ဧည့်သည်တွေအတွက်ပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းရောက် အလုပ်သမားအရေး လှုပ်ရှားသူတွေက မြန်မာရွှေ့ပြောင်းလုပ်သားတွေ သတိထား ဆင်ခြင်ကြဖို့နဲ့ ထိုင်းမှာ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူတွေ အထူးသတိထားကြဖို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။
ဇွဲသစ်


