
တော်လှန်မင်းသားတလက်ဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေးရုပ်ရှင်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ပြသဖို့ ကြေညာထားရာမှာ လက်မှတ်တွေအားလုံး ရောင်းကုန်သွားခဲ့ပြီလို့ ကြေညာထားပါတယ်။
ပြုံးပြုံးလေး ရုပ်ရှင် Facebook စာမျက်နှာပေါ်မှာတော့ “အားပေးကြမ်းတဲ့ မဲဆောက်က အမျိုးများအားလုံးကို ချစ်တယ်❤️” လို့ ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။
ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ ကိုပေါက်က ကရင်နီပြည်နယ်ထဲမှာ တော်လှန်ရေးရဲဘော်တွေ၊ အနုပညာရှင်တွေနဲ့အတူ အချစ်၊ အလွမ်း၊ ဟာသ၊ အက်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားပြီးတော့ မဲဆောက်မြို့မှာ လာမယ့် နိုဝင်ဘာ ၁၆ ရက်မှာ ပြသဖို့ စီစဉ်ထားကာ လက်မှတ်တစောင်တန်ဖိုးကို ဘတ် ၃၀၀ နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ပြုံးပြုံးလေးရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပထမဆုံးပွဲစဉ်အနေနဲ့ ပြသခဲ့ကာ Premier show ကိုတော့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကိုယ်တိုင် တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်အနေနဲ့ ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကိုတော့ ကနေဒါနဲ့ ဆွီဒင်အပါအဝင် နိုင်ငံ ၅ နိုင်ငံမှာလည်း ထပ်တိုးပြသဖို့ စီစဉ်ထားသလို ရရှိလာတဲ့ ငွေတွေကိုတော့ မြေပြင်ကို ရာနှုန်းပြည့် စီးဆင်းသွားမယ်လို့ ကြေညာထားပါတယ်။
အကယ်ဒမီ မင်းမော်ကွန်းဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညိုပျက် စေမှုနဲ့ အမှုဖွင့်ထားတာမို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး ဒါဟာ ဒါရိုက်တာ ကိုပေါက်နဲ့ သူ့ရဲ့ ၅ နှစ်ကြာတော်လှန်ရေးကာလ ပထမဆုံးရိုက်ဖြစ်တဲ့ ရုပ်ရှင်ဇာတ် ကားရှည်လည်းဖြစ်တယ်လို့ ဆိုပါတယ်။


