Home
မြန်မာသတင်း
မဲဆောက်တွင် မူးယစ်ဆေးဝါးမှုဖြင့်  မြန်မာ ၁၀ ဦးနှင့် ထိုင်း ၁ ဦး ဖမ်းဆီးခံရ 
DVB
·
October 10, 2025

ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရာမှာ တရားမဝင် မြန်မာလုပ်သား ၁၀ ယောက်နဲ့ ထိုင်း ၁ ယောက်တို့ ဖမ်းဆီးခံရတယ်လို့  မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ နယ်မြေခံရဲတပ်ဖွဲ့၊ မူးယစ်ရဲ၊ လဝကနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မြို့နယ်တွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံချက်ဆောင်ရွက်ရာမှာ  အောက်တိုဘာ ၇ ရက် ညနေပိုင်းက မဲဆောက်မြို့၊ ထုန့်ထောင်းရပ်ကွက်၊ ဝပ်လုံဘုန်းကြီးကျောင်းအနီးရှိ အိမ်နံပါတ်မရှိတဲ့ နေအိမ်တအိမ်ကနေ မူးယစ်ဆေးသုံးနေတဲ့  အသက် ၂၀ နှစ် နဲ့ ၂၄ နှစ်ရွယ်ရှိ မြန်မာလုပ်သား ၂ ယောက်ကို စိတ်ကြွဆေး ၃ ပြားနဲ့အတူ ဖမ်းမိတယ်၊  ၂ ယောက်စလုံးက  ထိုင်းမှာ နေထိုင်ခွင့်အထောက်အထားမရှိတာကြောင့် တရားမဝင်  ဝင်ရောက်နေထိုင်မှုပါ အရေးယူခံရမယ်လို့ ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၈ ရက် ည ၈ နာရီခွဲလောက်က မဲဆောက်မြို့  မိုးရုံ မွတ်ဆလင်ရပ်ကွက်ထဲ သွား‌ရောက်စစ်ဆေးတာမှာ အသက် ၃၀ နှစ်ရွယ် မြန်မာအမျိုးသမီးတယောက်ထံကနေ စိတ်ကြွဆေးပြား ၁၀၀  ၊ အသက် ၂၈ နှစ်ရွယ် မြန်မာ တယောက်ထံက စိတ်ကြွဆေး ၁၀ ပြား၊ အသက် ၂၃  နှစ်မှ  ၅၀ အတွင်းရှိ  မြန်မာအမျိုးသား ၄ ယောက်နဲ့ ၁၉ နှစ်ရွယ် မြန်မာလူငယ် ၂ ယောက်တို့ကို  ဝိုင်းဖွဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ နေထိုင်ခွင့်အထောက်အထားမပြည့်စုံတာကြောင့် မူးယစ်ဆေးမှုအပြင် တရား မဝင် ဝင်ရောက်နေထိုင်မှုနဲ့ပါ အရေးယူခံရမယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက် ည ၁၁ နာရီခွဲမှာတော့ သတင်းအရ မယ်ကုရပ်ကွက်ရှိ အိမ်တအိမ်ကို ဝင်ရောက်စစ်ဆေးပြီး အသက် ၄၄ နှစ်ရွယ်ရှိ နိုင်းဧကချိုင်းဆိုသူ ထိုင်းအမျိုးသားတယောက်ကို စိတ်ကြွဆေးပြား ၁၆၀၀  ၊ အိုက်စ်ဆေး ၁ ဂရမ် ၊ အော်တိုသေနတ် ၁ လက် ၊ ကျည်ဆန် ၆ တောင့်၊ ဆိုင်ကယ် ၁ စီး ၊ ငွေသား ဘတ်  ၂၅၁၀ နဲ့အတူ ဖမ်းဆီးရမိတယ်လို့  ဖော်ပြထားပါတယ်။ 

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အရှိန်မြှင့်ဆောင်ရွက်နေတာဖြစ်ပြီး စိတ်ကြွဆေးပြား  အရေအတွက် တပြားတွေ့ရင်တောင် မူးယစ်မှုနဲ့ အရေးယူရမယ်လို့  ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ပြောထားပါတယ်။ 

Source:  မဲဆောက်မြို့နယ်အုပ်ချုပ်ရေးရုံး 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013