
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အပိုင် ပင်လယ်ကမ်းစပ်ရှိ သမစိတ္တရွာမှာ မူးယစ်ဆေး ကုန်ကြမ်း အမြောက်အမြားကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စက်တင်ဘာ ၂၈ ရက်ကတည်းက ဖမ်းဆီးရမိတာဖြစ်ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သုံးခွမြို့နယ်မှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
"သူတို့က သမစိတ္တရွာမှာ မုန့်တွေကို သိုလှောင်ချင်လို့ဆိုပြီး ဂိုဒေါင်ငှားတာ။ ကွန်တိန်နာ ကား ၃ စီးနဲ့ အပြည့်ပဲ။ အဲဒီမှာကားတစီးက ပြတ်နေလို့ စစ်လိုက်တာ မူးယစ်ဆေးဝါးတွေဖြစ်နေတာ။ ပြောရရင်မူးယစ်ဆေးကုန်ကြမ်းတွေပေါ့။ လှေပေါ်တင်တဲ့ အချိန်မိတာ။ စစ်တပ်က ဖမ်းတာ။ ဒါကလည်း သတင်းအတိအကျရလို့ ဖမ်းတာဖြစ်နိုင်တယ်။”
အဆိုပါ မူးယစ်ဆေးကုန်ကြမ်းတွေကို မုတ္တမပင်လယ်ကွေ့ကနေတဆင့် မလေးရှားနိုင်ငံကို ရေလမ်းကြောင်း ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးဟာ မက်သဖက်တမင်းစိတ်ကြွမူးယစ်ဆေးဝါးဖြစ်တယ်လို့ သိရ ပါတယ်။