Home
မြန်မာသတင်း
ရေကြည် ရေနံ့သာဂိတ်က ရဲ ၂ ဦး မူးယစ်ဆေးဝါးရောင်းချမှုဖြင့် စစ်ဆေးခံနေရ
DVB
·
September 28, 2025
YAYNATHA28092025

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း - ဂွလမ်းပိုင်းက ရေနံ့သာစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် မူးယစ်ဆေးရောင်းတာကြောင့် ထိန်းသိမ်းစစ်ဆေးခံနေရတယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့သူတွေက ပြောပါတယ်။

စစ်ဆေးရေးဂိတ်မှာတာဝန်ကျနေတဲ့ ရဲ ၂ ယောက်ရဲ့ ကျောပိုးအိတ်တွေထဲကနေ WY မူးယစ်ဆေးဝါးတွေ အများအပြားတွေ့ရှိတာကြောင့် သတင်းဖုံးမရဖြစ်ပြီးနောက် စက်တင်ဘာလတတိယအပတ်မှာ စတင်စစ်ဆေးနေတာလို့ သိရပါတယ်။

ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “ရဲ ၂ ယောက်အပြင် ရဲတွေနဲ့ ပတ်သက်သူတွေပါစစ်ဆေး ခံနေရတယ်လို့သိရတယ်။ ဘယ်သူတွေစစ်ဆေးခံနေရတယ်ဆိုတာတော့ မသိသေးဘူး။ အရောင်းအဝယ်လုပ်နေတာကိုမိသွားတာ။ ရဲဆိုတော့ ပထမ သတင်းဖုံးထားတာ။ မရတဲ့အဆုံးမို့ အခုလို စစ်ဆေးတဲ့အထိဖြစ်လာတာ။ တိုင်းအထိ သတင်းရောက်ပြီးတော့မှ စစ်ဆေးနေတာ” လို့ပြောပါတယ်။

စစ်ဆေးခံနေရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ရဲသူလွင်နဲ့ မျိုးဇော် ဆိုသူတို့ဖြစ်ပြီး သူတို့ကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိ အရောင်းအဝယ်ပြုလုပ်မှုနဲ့ စတင်စစ်ဆေးနေပေမယ့် အရေးယူတာတော့ တစုံတရာမလုပ်သေးဘူးလို့ သိရပါတယ်။

ရေကြည်မြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတယောက်က “ပုသိမ်ကအရာရှိတွေနဲ့ ရေကြည်ရဲတပ်ဖွဲ့က အရာရှိတွေက ရေကြည်မြို့မရဲစခန်းမှာ ဆင်းစစ်နေတာလို့သိရတယ်။ ရဲ ၂ ယောက်ကို WY ဆေးပြားတွေ အများအပြားနဲ့တွေ့ရှိပြီးစစ်ဆေးတော့ အရောင်းအဝယ်လုပ်နေတာလို့ စစ်ဆေး ပေါ်ပေါက်တာ” လို့ ပြောပါတယ်။

အဲဒီ ရဲ ၂ ယောက်ဟာ ရေကြည်မြို့နယ် မြို့မရဲစခန်းကနေ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ တာဝန်ကျနေတဲ့သူတွေလို့ သိရပါတယ်။

ရေနံ့သာစစ်ဆေးရေးဂိတ်ဟာ ပုသိမ် - မုံရွာလမ်း အနောက်ဘက်ခြမ်းမှာရှိပြီး ရခိုင်ပြည်နယ်ဘက်ကို ဧရာဝတီတိုင်းဘက်ကနေ ကုန်စည်တွေမရောက်စေဖို့နဲ့ တော်လှန်ရေးတပ်တွေဝင်မလာစေဖို့ ရဲတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့ဂိတ်တခုဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013