Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာမိန်းကလေး ၁ ဦး အိမ်သာထဲ၌ လည်ပင်းဓားထိုးခံရ 
DVB
·
October 28, 2025
Photo: MGROnline News

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ရိုင် မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံးဝင်းထဲမှာ အောက်တိုဘာ ၂၇ ရက်က မြန်မာမိန်းကလေးတယောက် အိမ်သာထဲမှာ လည်ပင်းဓားထိုးခံရပြီး ပြင်းစွာဒဏ်ရာရသွားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီလောက်က မဲဆောက်မြို့နယ် အုပ်ချုပ်ရေးဝင်းထဲရှိ အိမ်သာဟောင်း‌ရှေ့မှာ အသက် ၂၁ နှစ်ရွယ် မြန်မာမိန်းကလေးတယောက် လည်ပင်းမှာ ဓားထိုးဒဏ်ရာတွေနဲ့ လဲကျနေတာ တွေ့လို့ အနီးနားရှိပြည်သူတွေက မဲဆောက်ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပေးခဲ့ကြပါတယ်။ 

တချိန်တည်းမှာပဲ အချို့က ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားလိုက်တယ်၊ တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုစစ်ဆေးတာမှာ မြို့နယ်အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမဘေးက အိမ်သာခန်းထဲမှာ သွေးစတွေ တွေ့ရပြီး  အပြင်ဘက်လမ်းပေါ်ထိ တောက်လျှောက်စီးကျနေတယ်၊ စီစီတီဗီကင်မရာ ပြန်ဖွင့်ကြည့်ရာမှာ အနက်ရောင်တီရှပ်၊ အနက်ရောင် ဘောင်းဘီတိုနဲ့ ကက်ပ်ဦးထုပ် ဆောင်းထားတဲ့ လူတယောက် မိန်းကလေးနောက်ကို  နောက်ယောင်ခံလိုက်နေတာ တွေ့ရတယ်၊ အဲဒီနောက် မိန်းကလေး ဝင်သွားတဲ့ အိမ်သာခန်းထဲ လိုက်သွားတယ်၊ ပြီးတော့ ပြန်ထွက်လာပြီး ထွက်ပြေးသွားတာ တွေ့ရပါတယ်။

အဆိုပါမိန်းကလေးဟာ အသက် ၂၁ နှစ်ရွယ်ရှိ ကြူကြူ ဆိုသူ မြန်မာမိန်းကလေးဖြစ်ပြီး ရုပ်ရည်ချောမောကာ  မြို့နယ်ရုံးဝင်းထဲက ကော်ဖီဆိုင်မှာ အလုပ်လုပ်နေတာ လပိုင်းပဲရှိသေးတယ်လို့ ဆိုပါတယ်။ 

ဓားနဲ့ထိုးခဲ့တဲ့ အမျိုးသား ဒီလို ပြစ်မှုကျူးလွန်တာဟာ ဥစ္စာပစ္စည်းလုယက်ချင်လို့ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ပြဿနာရှိတယ်လို့ ရဲတပ်ဖွဲ့က ကနဦး ထင်မြင်ယူဆပြီး အခြားဖြစ်နိုင်ခြေတွေလည်း တွေးထားတယ်၊ မိန်းကလေးကတော့ ဒဏ်ရာပြင်းထန်နေလို့ ဘာမှ မဖြေဆိုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

အဆိုပါ အမျိုးသားကို ဖမ်းဆီးရမိဖို့အတွက် တာဝန်ရှိသူတွေက သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်၊ မဲဆောက်မြို့နေ ပြည်သူတွေကလည်း ထွက်ပြေးသွားတဲ့ အမျိုးသားကို သတိထားဖို့ လူမှုကွန်ရက်ပေါ်ကနေ အချင်းချင်း သတိပေးနေကြပါတယ်၊ အချို့ကလည်း အိမ်တံခါးတွေ စောစောစီးစီး ပိတ်ထားကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာတော့ တာဝန်ရှိသူတွေက အဆိုပါ ဓားထိုးမှုကျူးလွန်သူကို ဖမ်းဆီးရမိပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အောက်တိုဘာ ၂၈ ရက်မနက်အစောပိုင်း (ယမန်နေ့ည သန်းခေါင်ကျော်) မှာ အဆိုပါအမျိုးသားကို မဲဆောက်မြို့ပြင် ဓာတ်ဆီဆိုင်ဝင်းတွင်းရှိ အေတီအမ်စက်အနီးမှာ ဖမ်းမိတယ်။ အသက် ၂၈ နှစ်ရွယ်ရှိ နိုင်းထမ်းမဖတ် ဆိုသူဖြစ်ပြီး ထာ့ဆောင်ယန်းမြို့  မဲ့ဥစူးရွာက ဖြစ်တယ်၊  ထောင်က ထွက်လာတာ မကြာသေးဘူး၊ အခင်းဖြစ်တဲ့နေ့က သူဟာ အဆိုပါမိန်းကလေးကို အဓမ္မကျင့်ဖို့ ကြံစည်ဖို့ အိမ်သာထဲ လိုက်သွားတယ်၊ မိန်းကလေးက ရုန်းကန်တာကြောင့် ဓားနဲ့ လည်ပင်းထိုးရတာလို့ ဖြောင့်ချက်ပေးသွားပါတယ်။ ရဲတွေက သူ အသုံးပြုခဲ့တဲ့ ဓားမြောင်ကို အိမ်သာခွက်ထဲကနေ ရှာဖွေတွေ့ရှိခဲ့တယ်၊ ဒါ့အပြင် ကျူးလွန်တဲ့နေ့က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစား၊ ဖိနပ်၊ အိတ်  စတာတွေကို သက်သေအဖြစ် သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဓားထိုးခံရသူ ကြူကြူခေါ် အိအိဖြိုး  (၂၁ နှစ်) ကတော့ မဲဆောက် ဆေးရုံခွဲခန်းထဲမှာပဲ ရှိနေပြီး အသက်ကယ်ဖို့ သွေးလှူရှင်တွေ လိုအပ်နေတယ်လို့ ထိုင်းသတင်းတွေမှာ‌ ဖော်ပြပါတယ်။ 

Source:  MGROnline / AEC Asian Thai News / Khaosod news

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013