
မက္ကဆီကိုနိုင်ငံရဲ့ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် (UNAM) ဟာ ရာသီအလိုက် ရောဂါတွေကို ကာကွယ်မှု မြှင့်တင်ဖို့နဲ့ တချိန်တုန်းက ပပျောက်သွားပြီလို့ ယူဆထားတဲ့ ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ဖို့ နိုဝင်ဘာ ၁၁ ရက်က အိုလံပစ်အားကစားကွင်းမှာ ကြီးမားတဲ့ ကာကွယ်ဆေးထိုးစင်တာတခုကို ဖွင့်လှစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၄ ရက်အထိ ကျင်းပမယ့် ကမ်ပိန်းမှာ တုပ်ကွေးနဲ့ အဆုတ်ရောင်ရောဂါအတွက် အပါအဝင် ကာကွယ်ဆေး ၄ မျိုးအပြင် ဝက်သက်၊ ဂျိုက်သိုးနဲ့ ပါးချိတ်ရောင်ရောဂါတွေအတွက် အားဖြည့်ဆေးတွေလည်း ပေးကြောင်း UNAM ရဲ့ ဒုတိယ ဆေးဘက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆန္ဒြာ ဒိုမင်ဂွက်ဇ် လိုဇာနိုက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှ ဗီဒီယိုမှတ်တမ်းမှာ အိုလံပစ်အားကစားကွင်း အပြင်ဘက်မှာ ကာကွယ်ဆေးထိုးဖို့ စောင့်ဆိုင်းနေတဲ့ လူထောင်ပေါင်းများစွာကို ပြသထားပါတယ်။
ဖက်ဒရယ်နဲ့ ဒေသဆိုင်ရာ ကျန်းမာရေးအေဂျင်စီတွေရဲ့ ပံ့ပိုးမှုနဲ့ ကာကွယ်ဆေး ၁ သိန်းကို ရက်အတော်ကြာ ထိုးနှံနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
အခုအထိ လူ ၁၀,၅၀၀ ကျော်က ကာကွယ်ဆေးထိုးယူပြီး ဒို့စ်ပေါင်း ၂၇,၀၀၀ ကျော် ထိုးနှံပြီး ဖြစ်ကြောင်း UNAM ရဲ့ လူမှုဝန်ဆောင်မှုများဆိုင်ရာ အတွင်းရေးမှူး ဖနန်ဒို မာစီဒို ချာဂိုလ်ယာက ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ်ကို မက္ကဆီကိုစီးတီးရဲ့ ကျန်းမာရေးအတွင်းရေးမှူးရုံးနဲ့ မက္ကဆီကန် လူမှုဖူလုံရေး အင်စတီကျု (IMSS)၊ ပြည်နယ်အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးနဲ့ ဝန်ဆောင်မှု အင်စတီကျု (ISSSTE) နဲ့ ပက်ထရိုလီယို့စ် မက်ဆီကာနိုစ် (Pemex) မှ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
ပန်အမေရိက ကျန်းမာရေးအဖွဲ့အစည်းက ကျန်းမာရေးအာဏာပိုင်တွေဟာ မက္ကဆီကိုမှာ ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေကြောင်း သတိပေးထားပြီး ဒေသတွင်းမှာ ဝက်သက်နဲ့ ဆက်စပ်တဲ့ သေဆုံးမှု ၂၈ ခုထဲက ၂၃ ခုက နိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့ကြောင်းလည်း ထောက်ပြထားပါတယ်။
Source: Reuters


