
အကြမ်းဖက်မှုတွေကို ခံစားနေရတဲ့ မက္ကဆီကိုနိုင်ငံ၊ မီချွာကန်ပြည်နယ်မှာ သေမင်းနေ့ အခမ်းအနားအတွင်း လုပ်ကြံခံရတဲ့ မြို့တော်ဝန်ရဲ့ ဇနီးဟာ နိုဝင်ဘာ ၅ ရက်မှာ ခင်ပွန်းရဲ့ ရာထူးကို လက်ခံရယူခဲ့ပြီး ရာဇ၀တ်မှုတွေကို တိုက်ဖျက်ရေး သူ့ခင်ပွန်းသည်ရဲ့ လှုပ်ရှားမှုကို ဆက်လုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ပြည်နယ်လွှတ်တော်က တညီတညွတ်တည်း အတည်ပြုပြီးတဲ့နောက် မက္ကဆီကိုရဲ့ ထောပတ်သီးမြို့တော်အဖြစ် လူသိများတဲ့ ဥရူးအာပန်မြို့ရဲ့ မြို့တော်ဝန်အဖြစ် သူ့ခင်ပွန်း ကာလို့စ် မန်ဇိုရဲ့ နေရာမှာ အစားထိုးဖို့ ဂရေစီယာ ကီရိုက ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက် ညမှာ ခေါင်းစွပ် စွပ်ထားတဲ့ သေနတ်သမားတယောက်က အသက် ၄၀ အရွယ် မန်ဇိုကို ဖယောင်းတိုင်မီးထွန်းပွဲတော် တက်နေချိန်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့လို့ တနိုင်ငံလုံး ဒေါသထွက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ပိုဆောင်ရွက်မှု မရှိတဲ့ ပြည်ထောင်စုအစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
မန်ဇိုဟာ အကျိုးအမြတ်များတဲ့ ထောပတ်သီးနဲ့ သံပုရာသီးလုပ်ငန်းကို အကာအကွယ်ယူထားတဲ့ အစွမ်းထက် ရာဇဝတ်ဂိုဏ်းတွေကို ဆန့်ကျင်ပြောဆိုနေချိန်မှာပဲ သူ့ရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်မှုတွေကို ဖော်ပြခဲ့ပါတယ်။
မန်ဇို ပါတဲ့ လွတ်လပ်သောဦးထုပ်လှုပ်ရှားမှုရဲ့ ခေါင်းဆောင် ကာလို့စ် ဘိုတစ်စတာက မြို့တော်ဝန်အသစ်ကို လုံခြုံရေးအေးဂျင့် အနည်းဆုံး ၁၄ ယောက်က ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source: Reuters


