
တော်လှန်အနုပညာရှင်တယောက်ဖြစ်တဲ့ နာမည်ကြီးအဆိုတော် ဖြူဖြူကျော်သိန်းဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၅ ခုနှစ် ClerMUN ညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောကြားခွင့်ရခဲ့ပြီး သူက မေ့လျော့ခံထားရတဲ့ နိုင်ငံအတွက် ဖွင့်ထုတ်ပြောဆိုဖို့ တတ်နိုင်သမျှ ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း ပြောလိုက်ပါတယ်။
“ကျမ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာပါ။ မေ့လျော့ခံထားရတဲ့ နိုင်ငံအတွက် ဖွင့်ထုတ်ပြောဆိုဖို့ တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျမတို့ မေ့လျော့သွားမှာ မဟုတ်ပါဘူး။ တနေ့မှာတော့ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု ဆိုတာတွေ ပြန်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
အခုနှစ်ရဲ့ ၆ ကြိမ်မြောက် ClerMUN ညီလာခံကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်ကနေ ၈ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဖွား တေးသံရှင်၊ တက်ကြွလှုပ်ရှားသူ၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ သံတမန်တယောက်လည်း ဖြစ်တဲ့ ဖြူဖြူကျော်သိန်းက ဒီညီလာခံမှာ တက်ရောက်ခွင့်ရခဲ့သလို အဖွင့်သီချင်းကို စပိန်ဘာသာနဲ့ သီဆိုခဲ့တာကို တွေ့ရပါတယ်။
အဆိုတော် ဖြူဖြူကျော်သိန်းဟာ စစ်ကောင်စီ အာဏာသိမ်းကတည်းက ပြည်သူနဲ့အတူ ရပ်တည်ခဲ့တာကြောင့် နိုင်ငံတွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးတော့ သူ့ရဲ့ တေးဂီတပွဲတွေကနေ ရရှိတဲ့ ရန်ပုံငွေတွေကို စစ်ရှောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။
သူဟာ “လုံးဝမသက်ဆိုင်တော့ပါ” အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ အတွဲခွေတွေမှာရော၊ တကိုယ်တော် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာနဲ့ သီဆိုအောင်မြင်ခဲ့သူတယောက် ဖြစ်သလို စစ်အာဏာသိမ်းကာလမှာလည်း ပြည်သူနဲ့ တထပ်တည်းရပ်တည်ပြီး ပါဝင်နေတဲ့ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။


