Home
မြန်မာသတင်း
ခမရ ၅၉၁ တပ်ရင်း အရာရှိလိုင်းခန်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်
DVB
·
November 11, 2025
Photo: YBL

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ  တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ အမှတ် ၅၉၁ ခြေမြန်တပ်ရင်း အရာရှိလိုင်းခန်းကို ရေးဘီလူးအဖွဲ့က RPG နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  ရေးဘီလူးတပ်ဖွဲ့ကနေ  သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်က ရေးမြို့နယ် ကျောင်းရွာကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းနဲ့ ရေးဘီလူးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကာင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီးနောက် ရေးဘီလူးအဖွဲ့က ခမရ ၅၉၁ တပ်ရင်းအတွင်းရှိ အရာရှိလိုင်းခန်းကို RPG နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ တပ်ရင်းမှူးက “နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီ ၁၅ လောက်မှာ ကျောင်းရွာကျေးရွာမှာရှိတဲ့ စကစတွေ ကင်းပုန်းလာထိုင်တဲ့ ရေစင်ကုန်းကို ကင်းပုန်းရှင်းရင်းနဲ့ ရောက်သွားတာ ကျောင်းရွာတရွာလုံး ရေပေးတဲ့ ရေစင်ကုန်းပဲ၊ ဒီရေစင်ကုန်းကို ကျနော်တို့ ရထားတော့ စကစ တပ်ရင်းက အနိမ့်ပိုင်း ကျနော်တို့က အမြင့်ပိုင်းဆိုတော့ သူတို့ ထိခိုက်တာ မြင်ရတယ်။ အရာရှိလိုင်းခန်းကိုပါ RPG နဲ့ ထုသွင်းနိုင်ခဲ့တယ်။ စကစ ဘက်ကလည်း ပြန်လည် ပစ်ခတ်တာမျိုးရှိသွားတော့ တိုက်ပွဲအနည်းငယ် ဖြစ်သွားတယ်။ တိုက်ပွဲကြာမြင့်ချိန်က မိနစ် ၂၀ လောက် ဖြစ်မယ်။ အထိအခိုက်မရှိဘဲ ကျနော်တို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ ညပိုင်းအထိ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ထိခိုက်မှုကိုတော့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်ကလည်း ရေးမော်လမြိုင် ကားလမ်းမနဲ့ နှင်းစုံရွာအဝင်က စစ်ကောင်စီတပ်နဲ့ DKBA ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ DKBA တပ်ဖွဲ့ဝင်တချို့ ထိခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013