
အမျိုးသမီးတယောက် မြေပြင်ပေါ်မှာ ထိုင်ကျနေပါတယ်။ သူ့ရင်ခွင်ထဲက ကလေးငယ်ကိုလည်း တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားတယ်။ သူ့ဆံပင်တွေဟာ သူ့အပေါ်က ဆိုင်ရှင်အမျိုးသမီးရဲ့ လက်ထဲမှာ ဖွာလန်ကြဲလို့။ သူ့မျက်နှာပေါ်မှာ နာကျင်မှု၊ ကြောက်ရွံ့မှုတို့ ရောပြွမ်းနေပါတယ်။ ဆိုင်ရှင်ရဲ့ ကျယ်လောင်စွာ ကြိမ်းမောင်းနေသံတွေက လွှမ်းမိုးထားပြီး သူ့ရဲ့ တိုးလျတဲ့ ငိုရှိုက်သံကတော့ အဲဒီအသံတွေကြားမှာ ပျောက်ဆုံးနေခဲ့ပါတယ်။ ရင်ခွင်ထဲက ကလေးငယ်ကတော့ ဒီကမ္ဘာကြီးရဲ့ ရက်စက်မှုကို မသိနားမလည်သေးတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ ဖြစ်ပျက်နေသမျှကို ကြည့်နေပါတယ်။ ဆိုင်ရှင်အမျိုးသမီးရဲ့ လက်ဖဝါးတွေက သူ့အမေရဲ့ ပါးပေါ်၊ နားရင်းပေါ် ကျရောက်လာတိုင်း ဆိုင်ရှင်အမျိုးသမီးကို အံ့သြတကြီး ကြောက်လန့်တကြား မော့ကြည့်နေခဲ့ပါတယ်။ ဆိုင်ရှင်ရဲ့ ခြေတဖက်ကလည်း သူ့အမေရဲ့ ပေါင်ပေါ်မှာ ဖိနင်းချုပ်နှောင်ထားပါတယ်။ ကလေးကို မိခင်ဆီကခွဲထုတ်ဖို့ ဆိုင်ဝန်ထမ်းတချို့က ကြိုးစားနေကြတယ်။
ဆိုင်ရှင်အမျိုးသမီးရဲ့ အမိန့်ပေးသံအဆုံးမှာ အဝါရောင်တီရှပ်ဝတ် ဆိုင်ဝန်ထမ်း လူငယ်နှစ်ဦး ရောက်လာပါတယ်။ ထိုင်ကျနေတဲ့ အမျိုးသမီးရဲ့ လက်မောင်းနှစ်ဖက်ကို ဆွဲထူလိုက်ကြတယ်။
နောက်ဆုံးမှာတော့ ဈေးဆိုင်ခန်းရှေ့ လမ်းမပေါ်က ညစ်ထေးနေတဲ့ ဓာတ်တိုင်တတိုင်ဆီ ဆွဲခေါ်သွားခြင်း ခံလိုက်ရပါတယ်။ ခဏနေတော့ ဝန်ထမ်းလူငယ်တဦးက အဝါရောင် နိုင်လွန်ကြိုးတချောင်းကို ယူလာပြီး အမျိုးသမီးရဲ့ လက်နှစ်ဖက်ကို ဓာတ်တိုင်ရဲ့ နောက်ဘက်မှာ တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်ပါတယ်။ ရင်ခွင်ထဲက ကလေးငယ်ဟာ သူ့အမေရဲ့ ခန္ဓာကိုယ်နဲ့ အေးစက်မာကျောတဲ့ ဓာတ်တိုင်ကြားမှာ ညှပ်ပူးညှပ်ပိတ် ဖြစ်လို့။
ဒါဟာ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခု မဟုတ်ပါဘူး။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်က မှတ်တမ်းတွေထဲက တခုပါ။ ဒီမြင်ကွင်းဟာ လူတဦးနဲ့တဦးကြားက အငြင်းပွားမှုတခုထက် အများကြီး ပိုပါတယ်။ ဒါဟာ အာဏာသိမ်းမှုနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကြေမွပျက်စီးလာတဲ့အခါ နိုင်ငံတော်အဆင့် “နိုင်ထက်စီးနင်း” ဝါဒက နေ့စဉ်ဘဝထဲအထိ ဘယ်လို စိမ့်ဝင်လာသလဲ ဆိုတာကို ဖော်ပြနေတဲ့ ခေတ်ရဲ့ ဖျားနာနေတဲ့ လက္ခဏာတခု (a symptom of the era) ဖြစ်ပါတယ်။
ခြိမ်းခြောက်မှုနှင့် မင်းမဲ့စရိုက်
ဆိုင်ရှင်အမျိုးသမီးဟာ စွပ်စွဲခံရသူကို ကြိမ်းမောင်းနေရင်း “ငါ နယ်ထိန်းကို ခေါ်ထားတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒီစကားဟာ အရေးပါပါတယ်။ သူဟာ ဥပဒေကို လုံးဝ မျက်ကွယ်ပြုထားသူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့အမြင်မှာတော့ “နယ်ထိန်း” ဆိုတာ တရားဥပဒေရဲ့ ဘက်မလိုက်တဲ့ ကိုယ်စားလှယ်တယောက် မဟုတ်ဘဲ သူ့ရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုပေးပြီး အကောင်အထည် ဖော်ပေးရမယ့် သူ့ရဲ့ ကိုယ်ပိုင်အာဏာစက်ဝန်းထဲက လက်ကိုင်တုတ်တခုလို သဘောထားနေတာ တွေ့ရပါတယ်။ တရားဥပဒေရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းတာမျိုးမရှိဘဲ အာဏာပိုင်တွေ ရောက်မလာခင်မှာပဲ ကိုယ်ပိုင်တရားစီရင်ခွင့်ကို အရင်ဆုံး ကျင့်သုံးလိုက်တာပါ။ တရားဥပဒေရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းတာမျိုးမရှိ၊ အာဏာပိုင်တွေ ရောက်မလာခင်မှာပဲ ကိုယ်ပိုင်တရားစီရင်ခွင့်ကို အရင်ဆုံး ကျင့်သုံးလိုက်တာပါ။
အဲဒီလို ကိုယ့်သဘောနဲ့ကိုယ် တရားစီရင်တာဟာ ဥပဒေအရ ကျင့်သုံးပိုင်ခွင့်ရှိရဲ့လား။ လုံးဝ ကျင့်သုံးပိုင်ခွင့် မရှိပါဘူး။ ဒါဟာ နိုင်ငံတော်ရဲ့အာဏာကို ဘောင်ကျော်ပြီး ကျင့်သုံးလိုက်တဲ့အတွက် ဥပဒေနဲ့ လုံးဝမညီပါဘူး။ ဒီလို စည်းကျော်ဘောင်ကျော် ကျင့်သုံးလိုက်တဲ့အတွက် နောက်ဆက်တွဲ အမှားတွေ ဖြစ်လာခဲ့ရတာပါ။
ဒီထက်ပိုပြီး ထိတ်လန့်စရာကောင်းတာကတော့ သူကိုယ်တိုင် ဝန်ခံပြောဆိုခဲ့တဲ့ စကားတခွန်းပါပဲ။ “မင်းမဲ့စရိုက်ဆန်ဆန် လုပ်သင့်ရင် လုပ်ရမယ်” ဆိုတဲ့ ခြိမ်းခြောက်စကားပါ။ ဒါဟာ သူလုပ်နေတဲ့အရာဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေနဲ့ မညီဘူး ဆိုတာကို သိလျက်နဲ့ တမင်တကာ ကျူးလွန်ချင်တဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြလိုက်တာပါပဲ။
ဒီလုပ်ရပ်ဟာ ဒီမှာပဲ ရပ်မသွားခဲ့ပါဘူး။ နောက်ထပ် ခြိမ်းခြောက်မှုတခု ရှိခဲ့ပါသေးတယ်။ ဆိုင်ရှင်ဟာ သူ့ရဲ့ဝန်ထမ်းတွေကို “ရေနွေး သွားတည်ချေ၊ ရေနွေးပူနဲ့ လောင်းမယ်” လို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ် တကယ်ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့သလား ဆိုတာ အရေးမကြီးတော့ပါဘူး။ လူသားတယောက်ရဲ့ ခန္ဓာကိုယ်ကို ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ လောင်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု ကိုယ်တိုင်ကကို လူသားမဆန်တဲ့ ရက်စက်မှုတခုလို့ ပြောရမှာပါ။ အငြင်းပွားမှုဟာ ပစ္စည်းဆုံးရှုံးမှုကို ပြန်လည်တောင်းဆိုတာထက် တဖက်သားကို ပြင်းပြင်းထန်ထန် နာကျင်စေလိုတဲ့ ရည်ရွယ်ချက်ဆီကို ကူးပြောင်းသွားပြီဆိုတာကို ပြသနေပါတယ်။
ဆိုင်ရှင်၏ မျက်လုံးထဲက ကမ္ဘာ
ဆိုင်ရှင်အမျိုးသမီးရဲ့ ရက်စက်တဲ့လုပ်ရပ်ကို ကျနော်တို့ အားလုံးက ရှုတ်ချကြမှာပါ။ ဒါပေမဲ့ သူ့ရဲ့စိတ်ကမ္ဘာမှာ ဘာတွေဖြစ်နေသလဲ။ သူဟာ ဘယ်လိုနောက်ခံရှိတဲ့ အမျိုးသမီးမျိုးလဲ ဆိုတာ ကျနော်တို့ အတိအကျ မသိနိုင်ပါဘူး။ သူဟာ အာဏာပိုင်အသိုင်းအဝိုင်း (ဥပမာ- စစ်တပ်) နဲ့ နီးစပ်လို့ ဘာမဆိုလုပ်ခွင့်ရှိတယ်လို့ ခံယူထားသူ ဖြစ်နိုင်သလို ပြိုကျနေတဲ့စနစ်ထဲမှာ ရှင်သန်ကြီးပြင်းလာတဲ့ သာမန် ခပ်စွာစွာ အနိုင်ကျင့်တတ်တဲ့ လူတယောက်လည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေနည်းတူ အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာတဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသေးစားလုပ်ငန်းရှင်တယောက်အနေနဲ့ ကုန်ဈေးနှုန်းတွေ တက်နေချိန်၊ အရောင်းအဝယ်ပါးနေချိန်၊ အခွန်အခနဲ့ မတရား ငွေညှစ်မှုတွေ ခံနေရချိန်၊ ဒီလိုအချိန်တွေမှာ သူ့ဆိုင်က ပစ္စည်းတခုချင်းစီဟာ သူ့လုပ်ငန်းရဲ့ အသက်ရှူသံတခု ဖြစ်နေပါလိမ့်မယ်။ သူ့အတွက် ပစ္စည်းအခိုးခံရတာဟာ ရှင်သန်ရပ်တည်ခွင့်အပေါ် တိုက်ရိုက် ခြိမ်းခြောက်မှုတခုလို ခံစားရနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သေချာတာတခုကတော့ သူ့ရဲ့တုံ့ပြန်မှုဟာ အတိုင်းအတာ လွန်ကဲနေတယ် (disproportionate) ဆိုတဲ့ အချက်ပါပဲ။ သူ့ပိုင်ပစ္စည်းတခု ခိုးခံရတဲ့အတွက် သူဟာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု (physical torture) ကို ကျူးလွန်ခဲ့တယ်။ ပြန်လည်ခုခံကာကွယ်ခြင်း မရှိတဲ့ ခိုးတဲ့သူတယောက်ကို အခုလို လွန်လွန်ကဲကဲ တုံ့ပြန်တာက တရားဥပဒေအရ အတော်လေး ဆိုးရွားပါတယ်။ ဒါတင်မက လူသားတယောက်ရဲ့ ဂုဏ်သိက္ခာကို အပြည့်အဝ နင်းခြေဖျက်ဆီးဖို့ ဗီဒီယိုနဲ့တကွ မှတ်တမ်းတင်စေခဲ့တယ်။ “ဒီသူခိုးမိန်းမကို လူတိုင်းသိအောင် ဗီဒီယို သေချာရိုက်ထား၊ ဟောဒီမှာ သူခိုးမ” ဆိုတဲ့ သူ့ရဲ့အမိန့်ပေးသံဟာ ပစ္စည်းပြန်ရဖို့ထက် တဖက်သားကို လူမှုရေးအရ သေဒဏ်ပေးလိုတဲ့ (socially execute) ရည်ရွယ်ချက်ဖြစ်ကြောင်း ထင်ရှားစေပါတယ်။
စွပ်စွဲခံရသူ၏ ဖြစ်နိုင်ခြေများ
တဖက်မှာလည်း စွပ်စွဲခံရသူ အမျိုးသမီးရဲ့ ဘဝလမ်းကြောင်းကို ကြည့်ရအောင်။ သူဟာ ဒီအလုပ်ကို ပျော်လို့လုပ်နေတာ မဟုတ်လောက်ဘူးဆိုတာ သေချာပါတယ်။ ဗီဒီယိုထဲမှာလည်း “ကျမ ကန်စွန်းရွက်ရောင်းပါတယ်၊ ကျမကလေးတယောက်က ဆေးကုနေရလို့ပါ” ဆိုပြီး ဖြေပါသေးတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်အကိုင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ စစ်ဘေးရှောင်ရလို့ နေရပ်ပျောက်ဆုံးခဲ့ရတဲ့ မိသားစုတွေ သန်းနဲ့ချီရှိနေတယ်။ ကလေးမိခင်တယောက်အနေနဲ့ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိတဲ့အခါ သူ့ရှေ့မှာ ရွေးချယ်စရာ လမ်းဘယ်နှခု ရှိပါသလဲ။
ကလေးငယ် နို့ဘူးဖိုးအတွက်၊ ဖျားနာနေတဲ့ ကလေးရဲ့ ဆေးဖိုးအတွက်၊ ဒါမှမဟုတ် ဗိုက်ဆာလွန်းလို့ ငိုနေတဲ့ ကလေးကို ချော့ဖို့အတွက်... သူ့မှာ ဘယ်လိုရွေးချယ်ခွင့်တွေ ရှိခဲ့မလဲ။ ဒါပေမဲ့ ကျနော်တို့ ထည့်သွင်းစဉ်းစားဖို့ လိုတာကတော့ လူတယောက်ကို ရာဇဝတ်သားဖြစ်အောင် တွန်းပို့နေတဲ့ “ဆင်းရဲမွဲတေမှု ထောင်ချောက်” (Poverty Trap) ဆိုတာကြီးပါပဲ။ သူ့ရဲ့ ငိုယိုတောင်းပန်မှုတွေဟာ အပြစ်ကို ဝန်ခံတာလည်း ဖြစ်နိုင်သလို အားနည်းသူတယောက်က အားကြီးသူရဲ့ အကြမ်းဖက်မှုအောက်မှာ အသက်ရှင်ခွင့်ရဖို့ တောင်းဆိုနေတဲ့အသံလည်း ဖြစ်နိုင်ပါတယ်။
လီဗီယာသန် (Leviathan) နှင့် စုတ်ဖြဲခံလိုက်ရသော လူမှုပဋိညာဉ်
အတွေးအခေါ်ရှင် သောမတ်စ်ဟော့ဘ်စ် (Thomas Hobbes) ရဲ့ “လီဗီယာသန်” (Leviathan) ဆိုတာ အစိုးရ (သို့) နိုင်ငံတော်ကို ရည်ညွှန်းတဲ့ တင်စားချက်တခုပါ။ သူ့သီအိုရီအရ အစိုးရနဲ့ ဥပဒေမရှိခင်က လူတွေဟာ ကြောက်မက်ဖွယ် “သဘာဝအခြေအနေ” (State of Nature) မှာ နေထိုင်ခဲ့ကြတယ်။ အဲဒီအခြေအနေမှာ လူတိုင်းဟာ ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်ပြီး အချင်းချင်း တိုက်ခိုက်လုယက်နေကြတဲ့ “အားလုံးက အားလုံးကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ စစ်ပွဲ” (War of all against all) သာ ရှိပါတယ်။ အမြဲတမ်း ကြောက်ရွံ့မှု၊ မလုံခြုံမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီအခြေအနေမှာ လူအားလုံးဟာ ကြောက်ရွံ့၊ ထိတ်လန့်၊ အထီးကျန် အကြမ်းဖက်မှုတွေ၊ သံသယတွေနဲ့သာ ရှင်သန်နေထိုင်ကြရပါတယ်။
ဒီလို အဆုံးမဲ့ ကြောက်ရွံ့မှုကနေ လွတ်မြောက်ဖို့ လူတွေဟာ “လူမှုပဋိညာဉ်” (Social Contract) လို့ခေါ်တဲ့ သဘောတူညီချက်တခုကို ပြုလုပ်ခဲ့ကြတယ်။ အဲဒါကတော့ သူတို့ရဲ့ ကိုယ်ပိုင်အာဏာ (ဥပမာ- ကိုယ်တိုင် တရားစီရင်ခွင့်၊ လက်စားချေခွင့်) အချို့ကို စွန့်လွှတ်ပြီး အားလုံးကို အုပ်ချုပ်မယ့် အလွန်အင်အားကြီးမားတဲ့ အချုပ်အခြာအာဏာပိုင် “လီဗီယာသန်” (နိုင်ငံတော်) ကို ဖန်တီးလိုက်ကြတာပါပဲ။ အဲဒီ လီဗီယာသန် (နိုင်ငံတော်) ရဲ့ အဓိက တာဝန်ကတော့ ဥပဒေကို အသုံးပြုပြီး လူအားလုံးကို လုံခြုံအောင် ကာကွယ်ပေးဖို့နဲ့ ကြောက်မက်ဖွယ် “သဘာဝအခြေအနေ” ဆီ ပြန်မရောက်သွားအောင် ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလမှာတော့ မြန်မာနိုင်ငံရဲ့ လီဗီယာသန်ဟာ သူ့ရဲ့ မူလတာဝန်ကို စွန့်လွှတ်ခဲ့ပါတယ်။ ပြည်သူကို ကာကွယ်ပေးရမယ့်အစား ပြည်သူကို ဖိနှိပ်တဲ့၊ ပြည်သူကို အကြမ်းဖက်တဲ့ ယန္တရားတခု ဖြစ်လာခဲ့ပါတယ်။ လူမှုပဋိညာဉ် (Social Contract) လို့ခေါ်တဲ့ နိုင်ငံတော်နဲ့ ပြည်သူကြားက မမြင်ရတဲ့ သဘောတူညီချက်ဟာ အဲဒီနေ့မှာပဲ ဆုတ်ဖြဲခံခဲ့ရပါတယ်။
နိုင်ငံတော်ကိုယ်တိုင်က အကြီးမားဆုံးသော မင်းမဲ့စရိုက်ကို ကျူးလွန်တဲ့အခါ နိုင်ငံတော်ဟာ သဘာဝအခြေအနေကို ဟန့်တားပေးသူ မဟုတ်တော့ဘဲ သဘာဝအခြေအနေကို ပြန်လည် ဖန်တီးသူ ဖြစ်လာပါတယ်။ အဲဒီအခါမှာတော့ နိုင်ငံတဝန်းလုံးဟာ “သဘာဝအခြေအနေ” ရဲ့ ပုံစံအမျိုးမျိုးနဲ့ ပြည့်နှက်သွားပါတယ်။ လမ်းပေါ်က ဒီဖြစ်ရပ်ဟာ အဲဒီအထဲက တခုပါပဲ။ နိုင်ငံတော်ဆိုတဲ့ “လီဗီယာသန်ကြီး” အလုပ်မလုပ်တော့တဲ့အခါ ဆိုင်ရှင်လိုလူတွေက သူတို့ရဲ့ ပတ်ဝန်းကျင်မှာ “လီဗီယာသန် အသေးစား” လေးတွေအဖြစ် ကိုယ်တိုင် ပြောင်းလဲ ခံယူလိုက်ကြတယ်။ သူ့ဆိုင်ဟာ သူ့ရဲ့အာဏာသက်ရောက်တဲ့ နယ်မြေ။ သူ့ဝန်ထမ်းတွေဟာ သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့။ သူ့ရဲ့စကားဟာ အဲဒီနေရာက ဥပဒေ။ သူ့ရဲ့ “မင်းကို မင်းမဲ့စရိုက်ဆန်ဆန် လုပ်မယ်” ဆိုတဲ့ ကြေညာချက်ဟာ အဲဒီအသေးစားနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။
ဒါကြောင့် ဒီဖြစ်ရပ်ဟာ သာမန် ရာဇဝတ်မှုတခု မဟုတ်တော့ဘဲ နိုင်ငံတော်အဆင့် ပြိုကျမှုရဲ့ လမ်းမပေါ်က ပဲ့တင်သံတခု ဖြစ်နေပါတယ်။ အပေါ်က အာဏာရှင်စနစ်ရဲ့ နိုင်ထက်စီးနင်းဝါဒဟာ အောက်ခြေလူထုရဲ့ စိတ်ဓာတ်နဲ့ အပြုအမူတွေထဲကို ဘယ်လို ကူးစက်ပြောင်းလဲစေသလဲ ဆိုတာကို ပြသနေတဲ့ နိုင်ငံရေးဆိုင်ရာ သရုပ်ပြတခု ဖြစ်နေပါတယ်။
ချိုးဖောက်၍မရသော ဥပဒေများ
မှန်ပါတယ်။ ခိုးမှုဆိုတာ ပြစ်မှုတခုပါ။ ရာဇသတ်ကြီး ပုဒ်မ ၃၇၈ အရ တစုံတယောက်ရဲ့ လက်ရှိပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် ထိုသူ၏ သဘောတူညီချက်မရဘဲ ယူဆောင်ခြင်းဟာ ခိုးမှုမြောက်ပြီး ပုဒ်မ ၃၇၉ အရ ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။
ဒါပေမဲ့ ခိုးမှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူကို ဥပဒေမဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခွင့်၊ လူမြင်ကွင်းမှာ ချည်နှောင် အရှက်ခွဲခွင့် လုံးဝမရှိပါဘူး။ အခုဖြစ်ရပ်မှာ ခိုးမှုအပေါ် အလွန်အကျွံ တုံ့ပြန်မှုတွေကြောင့် အခြေအနေတွေက ပိုဆိုးရွားခဲ့ပြီး ဥပဒေများစွာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပါတယ်။
ပထမဦးဆုံးအနေနဲ့ ဆိုင်ရှင်နဲ့ သူ့ဝန်ထမ်းတွေရဲ့ လုပ်ရပ်ဟာ ရာဇသတ်ကြီး (Penal Code) ရဲ့ ပုဒ်မများစွာနဲ့ ငြိစွန်းနေပါတယ်။ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲခြင်း၊ ဖိနင်းချုပ်နှောင်ခြင်းတွေဟာ ပုဒ်မ ၃၂၃ (သာမန်နာကျင်စေမှု) နဲ့ အကျုံးဝင်ပါတယ်။ လူတဦးကို သူ့ရဲ့ဆန္ဒမပါဘဲ ဓာတ်တိုင်မှာ ကြိုးနဲ့ ချည်နှောင်ထားခြင်းဟာ ပုဒ်မ ၃၄၂ (မတရား ချုပ်နှောင်မှု) ကို ကျူးလွန်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် “ရေနွေးပူနဲ့ လောင်းမယ်” လို့ ခြိမ်းခြောက်ခြင်းဟာ “ပြင်းထန်နာကျင်စေမှု” ကို ဖြစ်စေမယ်လို့ ခြောက်လှန့်တာ ဖြစ်တဲ့အတွက် ပုဒ်မ ၅၀၆ (ရာဇဝတ်မကင်းသော ခြောက်လှန့်ခြင်း) နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။
ဒုတိယနဲ့ အဆိုးရွားဆုံး ချိုးဖောက်မှုကတော့ ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို တိုက်ရိုက်ချိုးဖောက်ခြင်းပါပဲ။ ဒီဖြစ်ရပ်မှာ အပြစ်မဲ့တဲ့ ကလေးငယ်ဟာ ‘ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်’ တဦး ဖြစ်သွားခဲ့ပါတယ်။ ဥပဒေ ပုဒ်မ ၅၆ အရ၊ ‘မည်သူမျှ ကလေးသူငယ်အပေါ် ... ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို ဖြစ်စေ ... မပြုလုပ်ရ’ လို့ ပြတ်ပြတ်သားသား တားမြစ်ထားပါတယ်။
အခုဖြစ်ရပ်မှာ ကျူးလွန်တဲ့ အကြမ်းဖက်မှုဟာ ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ အတိအကျ ကိုက်ညီနေပါတယ်။ ပုဒ်မ ၃ (ဗ) အရ ‘စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း’ ဆိုတာဟာ ‘(၃) အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် ဆိုးဝါးသော ဆက်ဆံမှုကို တွေ့မြင်ခံစားရစေခြင်း’ ကို တိုက်ရိုက် ဆိုလိုပါတယ်။ ကလေးတယောက်ရဲ့ရှေ့မှာ သူ့မိခင်ကို ဒီလို ရက်စက်စွာ ဆံပင်ဆွဲ၊ တရွတ်တိုက်ဆွဲ၊ ချည်နှောင်ခြင်းဟာ ကလေးအပေါ် ကျူးလွန်တဲ့ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပါတယ်။ ဒါ့အပြင် ပုဒ်မ ၃ (ဖ) မှာ ‘ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း’ ကို ‘(၁) နှိပ်စက်ညှဉ်းပန်းမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေသော နှိမ့်ချပြုမှု ဆက်ဆံမှု’ လို့ ဖွင့်ဆိုထားပြီး ကလေးကိုပါ မိခင်နဲ့အတူ ဓာတ်တိုင်မှာ ညှပ်ပူးညှပ်ပိတ်ဖြစ်အောင် ချည်နှောင်ခြင်းဟာ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ထဲ တိုက်ရိုက် ကျရောက်ပါတယ်။ ဒီလို ‘လူမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာ ကျဆင်းစေသော’ ပြုကျင့်မှုကို ကျူးလွန်ကြောင်း ထင်ရှားရင် ပုဒ်မ ၁၀၃ (က) (၅) အရ ‘အနည်းဆုံး ရှစ်လမှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်’ နဲ့ ‘အနည်းဆုံး ကျပ်ရှစ်သိန်းမှ အများဆုံး ကျပ် ၁၆ သိန်းအထိ ငွေဒဏ်’ ပါ ချမှတ်နိုင်ပါတယ်။
နောက်ထပ် ဥပဒေချိုးဖောက်မှုကတော့ ဆိုင်ရှင်ရဲ့ ‘ဗီဒီယို သေချာရိုက်ထား’ ဆိုတဲ့ အမိန့်ပေးစကားနဲ့ ဗီဒီယို မှတ်တမ်းတင်ခြင်းပါပဲ။ ဒီကလေးဟာ မှုခင်းဖြစ်ရပ်ရဲ့ ‘သက်သေအဖြစ် ပါဝင်နေသော ကလေးသူငယ်’ ဖြစ်ပါတယ်။ ပုဒ်မ ၉၆၊ ပုဒ်မခွဲ (ဃ) အရ၊ ဘယ်သူမှ ‘သက်သေအဖြစ်ပါဝင်နေသော ကလေးသူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်း ... ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း... ဖြန့်ချိခြင်း... သို့မဟုတ်... လူမှုဆက်သွယ်ရေး နည်းလမ်းများတွင် ထုတ်လွှင့်ခြင်းမပြုရ’ လို့ တိတိကျကျ တားမြစ်ထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပြီး ကလေးရဲ့ပုံပါတဲ့ ဗီဒီယိုကို မှတ်တမ်းတင် ဖြန့်ဝေရင် ပုဒ်မ ၁၀၁ (က) (၂) အရ ‘အနည်းဆုံး လေးလမှ အများဆုံး တနှစ်အထိ ထောင်ဒဏ်ဖြစ်စေ’၊ ‘အနည်းဆုံး ကျပ် လေးသိန်းမှ အများဆုံး ကျပ်ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ’ ချမှတ်ခံရနိုင်ပါတယ်။ ဒီဖြစ်ရပ်မှာ ဥပဒေရဲ့ အကာအကွယ်ကို အလိုအပ်ဆုံးဖြစ်တဲ့ ကလေးငယ်တယောက်ရဲ့ အခွင့်အရေးကို လုံးဝ မျက်ကွယ်ပြုခဲ့တာ ထင်ရှားနေပါတယ်။
ဥပေက္ခာတရား၏ အေးစက်မှု
ဒီကြေကွဲဖွယ်ရာ ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်နှစ်ဦး (ဆိုင်ရှင်နှင့် စွပ်စွဲခံရသူ) အပြင် နောက်ထပ် အရေးပါပြီး ထိတ်လန့်စရာကောင်းတဲ့ တတိယ ဇာတ်ကောင်တစု ရှိနေပါသေးတယ်။ အဲဒါကတော့ ဒီဖြစ်ရပ်ကို “ဝင်မဆွဲဘဲ” ကြည့်နေတဲ့ ဘေးပတ်ဝန်းကျင်ကလူတွေ၊ လမ်းသွားလမ်းလာတွေပါပဲ။ သူတို့ရဲ့ တုံ့ပြန်မှုဟာ “သဘာဝအခြေအနေ” ရဲ့ နောက်ထပ် ကြောက်မက်ဖွယ် လက္ခဏာတခုကို ဖော်ထုတ်ပြသနေပါတယ်။
အကြောက်တရားကြောင့် ဆွံ့အသွားခြင်း
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုမှာဆိုရင် ကလေးငယ်တယောက်နဲ့ အမျိုးသမီးတဦးကို လူအုပ်ကြားထဲမှာ ဒီလို အကြမ်းဖက်နေတာတွေ့ရင် “ဒါတော့ မဟုတ်သေးဘူး” ဆိုပြီး ဝင်ရောက်တားမြစ်မယ့်သူ၊ အနည်းဆုံးတော့ စကားနဲ့ဝင်ပြောမယ့်သူ ရှိစမြဲပါ။ ဒါပေမဲ့ ဒီဗီဒီယိုထဲမှာတော့ အဲဒီ “လူမှုရေး ကိုယ်ခံအား” (Social Immunity) လုံးဝ ပျောက်ဆုံးနေတာကို တွေ့ရပါလိမ့်မယ်။
ဘာကြောင့်လဲ။ အကြောင်းရင်းက ရှင်းပါတယ်။ ဟော့ဘ်စ် ပြောခဲ့သလိုပဲ၊ “သဘာဝအခြေအနေ” ရဲ့ အဓိကလက္ခဏာဟာ “အမြဲတစေ ကြောက်ရွံ့မှု” (Constant Fear) ပါပဲ။ အာဏာရှင်စနစ်ဟာ နိုင်ငံသားအချင်းချင်းကြားက ယုံကြည်မှုကို စနစ်တကျ ဖျက်ဆီးပစ်လိုက်ပါတယ်။ “နယ်ထိန်းကို ခေါ်ထားတယ်” ဆိုတဲ့ ဆိုင်ရှင်ရဲ့စကားဟာ သူကျူးလွန်နေတဲ့ အကြမ်းဖက်မှုဟာ အာဏာပိုင်တွေရဲ့ (အနည်းဆုံးတော့) မျက်စိမှိတ် ခွင့်ပြုမှု ရထားတယ်ဆိုတဲ့ သဘောပါ။ ဒီအခြေအနေမှာ ဝင်ရောက်တားမြစ်သူဟာ ဆိုင်ရှင်တယောက်တည်းကို ရင်ဆိုင်ရမှာ မဟုတ်ဘဲ ဆိုင်ရှင်နောက်ကွယ်က “အာဏာ” ကိုပါ တပြိုင်နက် စိန်ခေါ်ရာ ရောက်သွားနိုင်ပါတယ်။ “ဒါ ငါ့ကိစ္စ မဟုတ်ဘူး”၊ “ငါ ဝင်ပါလိုက်လို့ နောက်ဆက်တွဲ ပြဿနာတွေ တက်လာရင် ဘယ်သူ ရှင်းပေးမှာလဲ” ဆိုတဲ့ အတွေးဟာ လူသားဆန်တဲ့ စာနာစိတ်ကို အေးခဲသွားစေပြီး ဥပေက္ခာတရား (Bystander Effect) ကို မွေးဖွားပေးလိုက်ပါတယ်။ နိုင်ငံတော်ကိုယ်တိုင်က နိုင်ငံသားကို ကာကွယ်မပေးတဲ့အခါ နိုင်ငံသားကလည်း အခြားနိုင်ငံသားကို ကာကွယ်ပေးဖို့ ဝံ့ရဲတော့မှာ မဟုတ်ပါဘူး။
နိဂုံး
ဓာတ်တိုင်မှာ ချည်နှောင်ခံခဲ့ရတာဟာ အမျိုးသမီးတဦးတည်း မဟုတ်ပါဘူး။ ခိုးမှုလို ပြစ်မှုငယ်တခုအတွက်တောင် အာဏာပိုင်မဟုတ်တဲ့ လူတွေက အခုလို လွန်လွန်ကဲကဲ တုံ့ပြန် အပြစ်ပေးလာကြတာဟာ ကျနော်တို့ လူ့အဖွဲ့အစည်းကို ပိုပြီး ပျက်စီးယိုယွင်းရာဆီ တွန်းပို့နေတာနဲ့ အတူတူပါပဲ။ သူနဲ့အတူ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ တရားမျှတမှု၊ လူသားဆန်မှုနဲ့ အပြန်အလှန် လေးစားယုံကြည်မှုတွေပါ ချည်နှောင်ခံခဲ့ရတာပါ။
ဒီဆောင်းပါးကို ပြင်ဆင်နေတုန်းမှာပဲ နောက်ဆက်တွဲ သတင်းတချို့ ထွက်လာတာ ကြားသိရပါတယ်။ ဆိုင်ရှင်အမျိုးသမီးနဲ့ ဝန်ထမ်းတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်ပြီလို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ ဒီအမျိုးသမီးနဲ့ ကလေးငယ်ဟာ မိခင်အရင်းနဲ့ သားသမီး မဟုတ်ဘူး၊ သူနဲ့သိတဲ့ တခြားအမျိုးသမီးတဦးရဲ့ ကလေးကို ခေါ်လာတာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီအချက်အလက်တွေဟာ ဘယ်လောက်တိကျလဲဆိုတာ သီးခြားအတည်ပြုဖို့တော့ လိုပါလိမ့်မယ်။
ဒါပေမဲ့ အဲဒီ နောက်ဆက်တွဲ အချက်အလက်တွေ ဘယ်လိုပဲထွက်လာပါစေ၊ ဒီဗီဒီယိုဟာ ကျနော်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေ၊ ဒေါသထွက်စေတာပါပဲ။ ဒါ့အပြင် ဒါဟာ ကျနော်တို့ မျက်နှာလွှဲလို့မရတဲ့ ခေတ်ရဲ့ အမှန်တရားတခုပါပဲ။
ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်အောင် တားဆီးဖို့ဆိုရင် တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒါတွေအားလုံးဟာ ခေတ်စနစ်ရဲ့ သက်ရောက်မှုတွေကြောင့် ဖြစ်နေတာ ဆိုတာကို ကျနော်တို့ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ လူတိုင်းအတွက် မျှတတဲ့ တရားစီရင်ရေးစနစ်၊ ကောင်းမွန်တဲ့ လူမှုဖူလုံရေးစနစ်၊ ပြည်သူကို အမှန်တကယ် ကာကွယ်ပေးတဲ့ ရဲတပ်ဖွဲ့၊ လူတိုင်းမှာ လူသားတယောက်ရဲ့ အခြေခံဂုဏ်သိက္ခာကို ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှုကို ပြန်လည်ပျိုးထောင်ဖို့ လိုအပ်ပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် လီဗီယာသန် အသေးစားလေးတွေအဖြစ် ခံယူပြီး တဦးနဲ့တဦး သံသယတွေ၊ ကြောက်ရွံ့မှုတွေနဲ့ အနိုင်ကျင့်နေတဲ့ “သဘာဝအခြေအနေ” ထဲမှာပဲ သံသရာလည်နေဦးမှာ ဖြစ်ပါတယ်။ အဲဒီ ကြမ်းတမ်းတဲ့ကမ္ဘာကို အမွေဆက်ခံရမယ့် သူတွေကတော့ ရင်ခွင်ထဲက အပြစ်မဲ့တဲ့ ကလေးငယ်တွေပဲ ဖြစ်နေပါလိမ့်မယ်။


