Home
ဆောင်းပါး
တော်လှန်ရေးနှင့် ပြည်သူ့ဆက်ဆံရေး
DVB
·
October 31, 2025

မကြာသေးမီက မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ တော်လှန်ရေးကို ထောက်ခံတဲ့ ပြည်သူတွေကြားထဲမှာတောင် အတွေးများစွာ၊ အငြင်းပွားမှုများစွာကို မွေးဖွားပေးခဲ့ပါတယ်။ 

Starlink အင်တာနက် အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ လူမှုကွန်ရက်စာမျက်နှာပေါ်က သာမန်အငြင်းပွားမှုတခုတော့ မဟုတ်ပါဘူး။ ဒါဟာ မြန်မာ့နွေဦးတော်လှန်ရေးတလျှောက်လုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေရဲ့ ပုံရိပ်ငယ်တခုပါပဲ။ ဒီလို ပဋိပက္ခမျိုးတွေဟာ တော်လှန်ရေးရဲ့ အဓိကမဏ္ဍိုင်နှစ်ခုဖြစ်တဲ့ ‘စစ်ရေးဆိုင်ရာ မဖြစ်မနေ လိုအပ်ချက်’ နဲ့ ‘ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေး’ တို့အကြားက အလွန်ထိလွယ်ရှလွယ်တဲ့ ဟန်ချက်ကို မီးမောင်းထိုးပြနေတာပါပဲ။

ဒင်္ဂါး၏ မျက်နှာစာနှစ်ဖက်

ဘယ်ပဋိပက္ခမှာမဆို ရှုထောင့်နှစ်ခု ရှိစမြဲပါ။ စဉ့်ကူးဖြစ်စဉ်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ရှုထောင့်နဲ့ ပြည်သူလူထုရဲ့ ရှုထောင့်ဆိုပြီး ခိုင်မာတဲ့ အမြင်နှစ်ရပ် ကွဲပြားနေတာကို တွေ့နိုင်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကကြည့်ရင် သူတို့ရဲ့ အဓိက ဦးစားပေးက ‘စစ်ဆင်ရေး လုံခြုံမှု’ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ စည်းကမ်းအပေါ်မှာ တည်ဆောက်ရတာပါ။ စည်းကမ်းမရှိတဲ့ တပ်ဟာ အောင်ပွဲနဲ့ ဝေးကွာသွားနိုင်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့ ထောက်လှမ်းရေးနဲ့ ဒလန်တွေ နေရာအနှံ့ရှိနေချိန်မှာ လုံခြုံရေးဆိုတာ အသက်ပါပဲ။ ဆက်သွယ်ရေးကိရိယာတွေဆိုတာ ထိလွယ်ရှလွယ်ပစ္စည်းမျိုး ဖြစ်နေပါတယ်။ ပြည်သူလူထုနဲ့ ဆက်သွယ်ဖို့၊ တပ်ဖွဲ့ဝင်တွေ အချင်းချင်းဆက်သွယ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အခြားတဖက်မှာလည်း တခါတရံမှာ ဆက်သွယ်ရေးကိရိယာတွေဟာ ကြီးမားတဲ့ လုံခြုံရေးဟာကွက်တခု ဖြစ်လာနိုင်ပါတယ်။ Starlink လို ဂြိုဟ်တုအင်တာနက်စနစ်တွေကို ရန်သူက နည်းပညာသုံးပြီး ခြေရာခံနိုင်ခဲ့ရင် တပ်ဖွဲ့ဝင်တွေရဲ့ တည်နေရာ၊ စခန်း၊ ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုတွေ အကုန် ပေါက်ကြားသွားနိုင်ပါတယ်။ ပေါက်ကြားခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေတွေဟာ တော်လှန်ရေးအတွက် အသက်နဲ့လဲရမယ့် ဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တာကြောင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက စည်းမျဉ်းနဲ့ ကန့်သတ်ထားရခြင်း ဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးကို ကာကွယ်ဖို့ မဖြစ်မနေ လုပ်ဆောင်ရတဲ့ တာဝန်တရပ်အဖြစ် ကာကွယ်ရေးတပ်ဖွဲ့တွေက ရှုမြင်တာ ဖြစ်ပါတယ်။ အသက်ကိုရင်းပြီး တာဝန်ထမ်းဆောင်နေရတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီလောက်အရေးကြီးတဲ့ စည်းကမ်းကို တဖက်က မလေးမခန့် တုံ့ပြန်လာတဲ့အခါ စိတ်မရှည် ဖြစ်လာတာဟာ လူ့သဘာဝပါပဲ။ အထူးသဖြင့် လူငယ်တွေပီပီ ကိုယ်မဟုတ်ပါဘဲနဲ့ တဖက်ကနေ မဟုတ်ကဟုတ်က သံကောင်းဟစ်တာမျိုးကြုံရရင် မီးနဲ့ဆွပေးသလို ဒေါသထွက်မိတာ အမှန်ပါပဲ။

ဒီရှုထောင့်ကို ထောက်ခံပေးနေတဲ့ အမြင်တွေလည်း ရှိပါတယ်။ 

“အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရန်ထောင်နိုင်တယ်၊ ဗီဒီယိုတွေရိုက်ယူနိုင်တယ် ဆိုကတည်းကိုက ဘယ်လောက်အထိ လွတ်လပ်မှုရှိသလဲဆိုတာ ပြနေတာပဲ။ စစ်ကောင်စီတပ်သာ ဆိုရင် အခုလိုလုပ်ဖို့နေနေသာသာ ခေါင်းတောင်မဖော်ရဲဘူး၊ တခါတည်းပစ်သတ်သွားမှာ၊ ပြည်သူ့ကာကွယ်ရေးတပ်သားတွေဘက်က လုပ်တာကိုပဲ ကြည့်နေလို့မရဘူး” စသဖြင့် ထောက်ပြကြပါတယ်။

ပြည်သူလူထုရဲ့ ရှုထောင့်က ကြည့်ရင်တော့ တော်လှန်ရေးဟာ ပြည်သူဆီက မြစ်ဖျားခံပြီး ပြည်သူကသာ တော်လှန်ရေးရဲ့ အမိအဖ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်သူတွေဆီက ကယ်တင်မယ့်သူ၊ အကာအကွယ်ပေးမယ့်သူအဖြစ် ပြည်သူတွေက မျှော်လင့်ကြပါတယ်။ အဲဒီမျှော်လင့်ချက်နဲ့ လက်တွေ့ကြုံတွေ့ရမှု ကွာဟသွားတဲ့အခါ ပြည်သူတွေရဲ့ ယုံကြည်မှု အက်ကွဲသွားနိုင်ပါတယ်။ လူအများရှေ့မှာ အော်ဟစ်တာ၊ လက်ညှိုးထိုးတာ၊ အတင်းအကျပ် ဆွဲလားရမ်းလား လုပ်တာတွေဟာ ပြည်သူရဲ့ ‘ဂုဏ်သိက္ခာ (Dignity)’ ကို တိုက်ရိုက်ထိပါးပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေ ပြုလုပ်နေကျ အပြုအမူနဲ့ တူသွားတယ်လို့ ခံစားရစေပြီး “ငါတို့ကို ကာကွယ်တဲ့သူလား၊ ဖိနှိပ်တဲ့သူလား” ဆိုတဲ့ သံသယကို ဖြစ်ပေါ်စေပါတယ်။ ဒီအမြင်ကို ကိုင်စွဲသူတွေက “တော်လှန်ရေးရဲ့ စံနှုန်းကို စစ်တပ်နဲ့ နှိုင်းယှဉ်လို့မရဘူး” လို့ ပြန်လည်ချေပကြပါတယ်။ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဟာ စစ်အာဏာရှင်ထက် “အနည်းငယ်သာလွန်ကောင်းမွန်တဲ့” အဖွဲ့အစည်းဖြစ်ဖို့ မဟုတ်ဘဲ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို အပြည့်အဝဖော်ဆောင်မယ့် အဖွဲ့အစည်း ဖြစ်ရမယ်လို့ ဆိုကြပါတယ်။

ဥပဒေနဲ့ ပြည်သူ့ယုံကြည်မှု

တော်လှန်ရေးအဖွဲ့အစည်းတခုအတွက် အရေးအကြီးဆုံးကတော့ ‘တရားဝင်မှု (Legitimacy)’ ပါပဲ။ ဒီတရားဝင်မှုဆိုတာ နိုင်ငံတကာက အသိအမှတ်ပြုတာထက် ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှု အပေါ်မှာပဲ အဓိကတည်မှီနေတာပါ။ ပြည်သူ့နှလုံးသားကို အပြည့်အဝ ရနိုင်မှသာ တော်လှန်ရေးဟာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့အချိန်အထိ နွေဦးတော်လှန်ရေး ခရီးဆက်နိုင်တာဟာ ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု၊ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေကို ရရှိထားလို့ ဆိုရင်လည်း မမှားပါဘူး။ အခုလိုအခြေအနေ အချိန်အခါမျိုးမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီယုံကြည်မှုကို ရဖို့ အဓိကသော့ချက်တခုက နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ (IHL) ကို လိုက်နာတာပါပဲ။ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ အားလုံးနဲ့ဆိုင်တဲ့ အပိုဒ် ၃ (Common Article 3) ဟာ မြန်မာနိုင်ငံလို ပြည်တွင်းပဋိပက္ခတွေမှာ တိုက်ရိုက်အကျုံးဝင်ပြီး အရေးလည်းကြီးပါတယ်။

ပထမမူကတော့ ‘လူသားဆန်စွာ ဆက်ဆံခြင်း’ (Humane Treatment) ပါပဲ။ အရပ်သားတယောက်က စည်းကမ်းချိုးဖောက်တယ် ဆိုရင်တောင် သူ့မှာ ‘လူ့ဂုဏ်သိက္ခာ’ ရှိပါတယ်။ အပိုဒ် ၃ အရ လူအများရှေ့မှာ အော်ဟစ်တာ၊ ဆွဲငင်ပြီး အရှက်ခွဲတာမျိုးဟာ ‘ဂုဏ်သိက္ခာကျဆင်းစေတဲ့ ဆက်ဆံမှု’ (degrading treatment) ဖြစ်သွားနိုင်ပြီး ဥပဒေနဲ့ မညီပါဘူး။

ဒုတိယမူက ‘ခွဲခြားမှု နိယာမ’ (Principle of Distinction) ပါ။ ဒါက ရှင်းပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကိုင်တိုက်ခိုက်သူ (Combatant) နဲ့ အရပ်သား (Civilian) ကို ရှင်းရှင်းလင်းလင်း ခွဲခြားရမယ်။ စဉ့်ကူးက Starlink သုံးတဲ့သူတွေဟာ စည်းကမ်းမလိုက်နာသူ ဖြစ်နိုင်ပေမဲ့ သူတို့ဟာ ‘ရန်သူ’ မဟုတ်ပါဘူး။ ‘အရပ်သား’ တွေပါ။ ဒါကြောင့် သူတို့ကို ရန်သူလို သဘောထားပြီး ခြိမ်းခြောက်ဆက်ဆံလို့ မရပါဘူး။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးမူကတော့ ‘လိုအပ်မှုနဲ့ အချိုးကျမှု’ (Necessity and Proportionality) ပါပဲ။ ဒါကို နားလည်ဖို့လိုပါတယ်။ ပထမဦးဆုံး ‘လိုအပ်မှု’ (Necessity) ကို ကြည့်ရအောင်။ ဟုတ်ပါတယ်။ စစ်ဆင်ရေးလုံခြုံမှုအတွက် Starlink ကို ကန့်သတ်တာဟာ တော်လှန်ရေးအတွက် “မဖြစ်မနေ လိုအပ်ချက်” ဖြစ်တယ်လို့ တပ်ဖွဲ့တွေဘက်က သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက ‘အချိုးကျမှု’ (Proportionality) မှာ စတာပါပဲ။ တပ်ဖွဲ့တွေရဲ့ ရည်မှန်းချက်က Starlink အသုံးပြုမှုကို ရပ်တန့်စေလိုတာပါ။ ဒါပေမဲ့ အသုံးပြုလိုက်တဲ့ နည်းလမ်းက လူအများရှေ့မှာ အော်ဟစ် ဆွဲလား၊ ရမ်းလား ဖြစ်နေပါတယ်။ ဒီနေရာမှာ ရည်မှန်းချက် (Starlink ပိတ်ဖို့) နဲ့ အသုံးပြုတဲ့နည်းလမ်း (လူ့ဂုဏ်သိက္ခာ ထိခိုက်စေတာ) က အချိုးမကျတော့ပါဘူး (Disproportionate)။ Starlink ကို ပိတ်ခိုင်းဖို့အတွက် ညင်သာစွာ ရှင်းပြတားမြစ်တာ၊ တဖက်က ပိုပိုကဲကဲတွေဖြစ်၊ အသံကောင်းဟစ်ပြီး မဟုတ်တာကို ပြောနေတယ် ဆိုရင်တောင် တပ်ဖွဲ့တွေအနေနဲ့ ဆွဲလား ရမ်းလား လုပ်တဲ့အထိ မလုပ်မိအောင် ထိန်းချုပ်ဖို့ လိုပါတယ်။ လိုအပ်တာထက် ပိုပြင်းထန်တဲ့နည်းလမ်းကို သုံးလိုက်တာဟာ ပြည်သူ့ယုံကြည်မှုကို ဆုံးရှုံးစေပါတယ်။ ဒါဟာ စဉ့်ကူးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတွက်သာမက တခြားဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်ပါ သင်ခန်းစာယူစရာ အတွေ့အကြုံ ဖြစ်ပါတယ်။

ဒီဥပဒေတွေကို လိုက်နာတာကြောင့် ပြည်သူ့ယုံကြည်မှုကို ရရှိစေရုံသာမက ပြည်သူလူထုအမြင်မှာ “အကြမ်းဖက်သမား” သို့မဟုတ် “ဖိနှိပ်သူအသစ်” မဟုတ်ဘဲ တရားဥပဒေကို လေးစားတဲ့ “ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့” တခုအဖြစ် ရပ်တည်နိုင်စေပါတယ်။ ပြည်သူ့ယုံကြည်မှုကို တည်ဆောက်ရာမှာ ဒါဟာ အရေးပါတဲ့ အုတ်မြစ်တခု ဖြစ်ပါတယ်။

သမိုင်းဝင် ဖြစ်စဉ်များမှ သင်ခန်းစာများ

ကမ္ဘာ့သမိုင်းမှာ တော်လှန်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်ခန်းစာတွေ အများကြီး ရှိခဲ့ပါတယ်။

အကောင်းဆုံး ဥပမာက ဗီယက်နမ် စံနမူနာပါပဲ။ သူတို့ရဲ့ ဆောင်ပုဒ်က “ပြည်သူသည် ရေ၊ တပ်မတော်သည် ငါး” ဆိုတာပါပဲ။ ခေါင်းဆောင် ဟိုချီမင်း ချမှတ်ခဲ့တဲ့ “စည်းကမ်း ၁၂ ချက်” ဟာ သူတို့ရဲ့ အဓိကလမ်းညွှန်ချက် ဖြစ်ခဲ့ပါတယ်။ “ရှောင်ကြဉ်ရမည့် ၆ ချက်” နဲ့ “ဆောင်ရွက်ရမည့် ၆ ချက်” ဆိုပြီး ချမှတ်ထားတာဖြစ်ပါတယ်။ ရှောင်ကြဉ်ရမယ့် အချက်တွေကတော့ ပြည်သူ့လယ်ယာသီးနှံ၊ အိုးအိမ်ပစ္စည်းတွေကို မဖျက်ဆီးဖို့၊ ပြည်သူမရောင်းလိုတာကို အတင်းမယူဖို့၊ ပြည်သူ့ယုံကြည်ကိုးကွယ်မှုကို မစော်ကားဖို့၊ ပြည်သူကို မလေးမခန့် မဆက်ဆံဖို့၊ ကတိမဖျက်ဖို့၊ အထူးသဖြင့် အမျိုးသမီးတွေကို လုံးဝမစော်ကားဖို့ ဆိုတာတွေပါပဲ။ ဆောင်ရွက်ရမယ့် အချက်တွေကလည်း ရှင်းပါတယ်။ ပြည်သူ့အခက်အခဲကို ကူညီဖို့၊ ယဉ်ကျေးပျူငှာဖို့၊ ဝယ်သမျှကို ဈေးမှန်ပေးဖို့၊ ငှားတာကို အချိန်မီပြန်ပေးဖို့၊ ပြည်သူကို လေးစားဖို့နဲ့ တော်လှန်ရေးသဘောတရားကို ရှင်းပြဖို့ပါပဲ။ ပြည်သူဆီက ‘ဆေးထိုးအပ်တချောင်း’ တောင် မတရားမယူခဲ့လို့ ပြည်သူ့နှလုံးသားကို အပြည့်အဝ စည်းရုံးနိုင်ခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှု ရခဲ့တာပါ။

နောက်ထပ်သင်ခန်းစာကတော့ အိုင်ယာလန် ရီပတ်ဘလစ်ကန် တပ်မတော် (IRA) ရဲ့ ဖြစ်စဉ်ပါပဲ။ သူတို့ဟာ ဗြိတိန်အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ ရည်မှန်းခဲ့ပေမဲ့ သူတို့ကျင့်သုံးတဲ့ နည်းလမ်းတွေက မှားယွင်းခဲ့ပါတယ်။ အရပ်သားတွေ သွားလာတဲ့နေရာတွေမှာ ကားဗုံး ဖောက်ခွဲတာ၊ သံသယရှိသူကို တရားလက်လွတ် သတ်ဖြတ်တာ၊ ကိုယ့်ရပ်ရွာထဲက သဘောထား ကွဲလွဲသူကိုတောင် “ဒူးခေါင်းကို သေနတ်နဲ့ပစ်ခြင်း (Kneecapping)” လို ရက်စက်တဲ့ ပြစ်ဒဏ်တွေ ပေးခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ရန်သူကို ထိခိုက်တာထက် ကိုယ့်ပြည်သူတွေကိုပဲ ပိုပြီး ထိတ်လန့် ကြောက်ရွံ့စေခဲ့ပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုဟာ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ နောက်ဆုံးမှာ IRA ဟာ ပြည်သူလူထုရဲ့ တရားဝင်မှုကို ဆုံးရှုံးပြီး သူတို့ရဲ့ မူလရည်မှန်းချက်ကို လက်နက်ကိုင်နည်းနဲ့ မရနိုင်တော့တာကို ဝန်ခံခဲ့ရပါတယ်။

နောက်ထပ် အကောင်းဆုံး စံနမူနာတခုက တောင်အာဖရိကရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး တော်လှန်ရေးပါ။ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ဟာ အင်မတန် ရက်စက်တဲ့ Apartheid အစိုးရကို တော်လှန်ခဲ့ပေမဲ့ သူတို့ရဲ့ တော်လှန်ရေးဟာ လူမျိုးရေးမုန်းတီးမှုကို အခြေမခံခဲ့ပါဘူး။ “လူသားအားလုံး တန်းတူညီမျှရေး” ဆိုတဲ့ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရား ရပ်တည်ချက်ပေါ်မှာ အခြေခံခဲ့ပါတယ်။ ဒါကြောင့် ဖိနှိပ်ခံပြည်သူအားလုံးရဲ့ အခိုင်အမာထောက်ခံမှုကို ရရှိခဲ့ပါတယ်။ နယ်လ်ဆင်မင်ဒဲလားဟာ ထောင်ထဲမှာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပေမဲ့ အာဃာတနဲ့ လက်စားချေလိုစိတ် မထားဘဲ “အသွေးအရောင်စုံနိုင်ငံတော် (Rainbow Nation)” တည်ထောင်ရေးဆိုတဲ့ အနာဂတ်အမြင်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ သူတို့ရဲ့ ရန်သူဟာ “လူဖြူ” တွေမဟုတ်ဘဲ “အသားအရောင်ခွဲခြားတဲ့ စနစ်ဆိုး” သာ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေးအောင်မြင်ပြီးနောက်မှာတောင် ပြည်တွင်းစစ်မဖြစ်ဘဲ ငြိမ်းချမ်းတဲ့ နိုင်ငံသစ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါက တော်လှန်ရေးတခုရဲ့ အောင်မြင်မှုဟာ စစ်ရေးအင်အားထက် ကိုယ်ကျင့်တရားအင်အား (Moral Strength) ပေါ်မှာ ပိုမူတည်ကြောင်း သက်သေပါပဲ။

ရှေ့ဆက်ရန်လမ်း

ဒီသမိုင်းဖြစ်စဉ်တွေကရတဲ့ သင်ခန်းစာတွေနဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ချမှတ်ဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကိုယ့်ရဲ့ အဓိကတာဝန်ဟာ စစ်ရေးအောင်မြင်မှုတခုတည်း မဟုတ်ဘဲ ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းဖို့ဖြစ်တယ် ဆိုတာကို အမြဲသတိချပ်ရပါမယ်။ တပ်ဖွဲ့ဝင်တိုင်းကို IHL၊ ပြည်သူ့ဆက်ဆံရေး၊ ဒေါသထိန်းချုပ်မှုနဲ့ လက်တွေ့ကျင့်သုံးရမယ့် စည်းမျဉ်းတွေကို မဖြစ်မနေ လေ့ကျင့်ပေးရပါမယ်။ အရေးအကြီးဆုံးကတော့ ပြည်သူ့အပေါ် ကျူးလွန်မှုတွေအတွက် တိုင်ကြားနိုင်တဲ့ တာဝန်ခံမှု ယန္တရားတခုကို ဖွင့်လှစ်၊ စုံစမ်းစစ်ဆေးရပါမယ်။ အပြစ်ရှိသူကို ထိထိရောက်ရောက် အရေးယူတာ၊ အဲဒီလို အရေးယူတာကိုလည်း ပြည်သူကို ပွင့်ပွင့်လင်းလင်း တင်ပြရပါမယ်။ ဒါမှသာ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးကာလရဲ့ လုံခြုံရေး၊ စစ်ရေးရဲ့ အရေးကြီးမှုကို နားလည်ပြီး ဒေသဆိုင်ရာ စည်းမျဉ်းတွေကို လေးစားလိုက်နာဖို့ တာဝန်ရှိပါတယ်။ ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်မယ့်အစား ညှိနှိုင်းဖြေရှင်းတဲ့ ယဉ်ကျေးမှုကို မွေးမြူသင့်ပါတယ်။

နိဂုံး

တော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ဟာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့တခုတည်း မဟုတ်ဘဲ တရားမျှတပြီး လူ့ဂုဏ်သိက္ခာကို လေးစားတဲ့ နိုင်ငံတော်သစ်တခု တည်ထောင်ဖို့ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတော်သစ်ကို ဥပဒေမဲ့ အပြုအမူတွေ၊ အာဏာပြတာတွေနဲ့ တည်ဆောက်လို့မရပါဘူး။ ဗီယက်နမ်ရဲ့ စည်းကမ်း၊ အိုင်ယာလန်ရဲ့ ကြေကွဲဖွယ်ရာအမှားနဲ့ တောင်အာဖရိကရဲ့ ကိုယ်ကျင့်တရား ခွန်အားတွေက သင်ခန်းစာတွေ အများကြီး ပေးခဲ့ပြီးပါပြီ။ တော်လှန်ရေးရဲ့ အောင်မြင်မှုဟာ ပြည်သူရဲ့ ယုံကြည်မှုအပေါ်မှာ မူတည်နေသလို အနာဂတ်နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာဟာလည်း ဒီနေ့ ကျွန်ုပ်တို့ရဲ့ လုပ်ရပ်တွေအပေါ်မှာ တည်မှီနေတယ် ဆိုတာကို အားလုံးက နှလုံးသွင်းရပါမယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုကြား အပြန်အလှန် လေးစားမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ လူသားဆန်မှုတို့ကို လက်ကိုင်ထားပြီး ဒီခက်ခဲကြမ်းတမ်းတဲ့ ခရီးကို အတူတကွ ဖြတ်ကျော်ကြမှသာလျှင် အားလုံးမျှော်မှန်းနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို အမှန်တကယ် ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024