Home
မြန်မာသတင်း
အောက်တိုဘာလအတွင်း စစ်သုံ့ပန်း၊ အလင်းဝင်လာသူနဲ့ လက်နက်ချသူ စုစုပေါင်း ၁၂၅ ဦးရှိ
DVB
·
November 10, 2025

မြန်မာနိုင်ငံအနှံ့က စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းကနေ အောက်တိုဘာလအတွင်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်တွေ အလင်းဝင် ပူးပေါင်းတာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရတာ စုစုပေါင်း ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်ပူးပေါင်းလာသူတွေက တနင်္သာရီတိုင်းက ၁၂ ယောက်၊ ပဲခူးတိုင်းက ၈ ယောက်၊ စစ်ကိုင်းတိုင်းက ပြည်သူ့စစ်အပါအဝင် ၉ ယောက်၊ ကရင်နီပြည်နယ်က ၄ ယောက်၊ ချင်းပြည်နယ်က ၄ ယောက်၊ ကရင်ပြည်နယ်က ၃ ယောက်၊ ရန်ကုန်တိုင်းက ၂ ယောက်၊ ရှမ်းပြည်နယ်က ၁ ယောက်၊ မန္တလေးတိုင်းက ၁ ယောက်၊ မကွေးတိုင်းက ရဲ ၁ ယောက်၊ စုစုပေါင်း ၄၅ ယောက် အလင်းဝင်လာတယ်လို့ သိရပါတယ်။

စစ်သုံ့ပန်းအနေနဲ့ကတော့ မကွေးတိုင်းက ၃၈ ယောက်၊ ပဲခူးတိုင်းက ၁၄ ယောက်၊ မန္တလေးတိုင်းက ၉ ယောက်၊ စစ်ကိုင်းတိုင်းက ၄ ‌ယောက်၊ ကချင်ပြည်နယ်က ၁ ယောက်၊ မွန်ပြည်နယ်က ၁ ယောက်၊ စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၇ ယောက်ဖြစ်ပြီး စစ်ကိုင်းတိုင်းက ပြည်သူ့စစ် ၇ ယောက်၊ ကရင်ပြည်နယ်က ပြည်သူ့စစ် ၃ ယောက်၊ မန္တလေးတိုင်းက ပြည်သူ့စစ် ၂ ‌ယောက်၊ တနင်္သာရီတိုင်းက ပြည်သူ့စစ် ၁ ယောက်၊ စုစုပေါင်း အယောက် ၈၀ ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ အလင်းဝင်ပူးပေါင်းလာသူတွေထဲမှာ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရသူတွေများပြီး ဖမ်းခံရသူတွေထဲမှာတော့ မူလကတည်းက စစ်သား၊ ရဲ ဖြစ်နေသူတွေ များတာကို တွေ့ရပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ဝင် CDM စစ်သားတယောက်က “Data အတော်များများက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်၊ မီဒီယာသတင်း၊ မြေပြင်သတင်းများ စတာတွေကို အဓိက မှတ်တမ်းကောက်ယူထားခြင်း ဖြစ်ပါတယ်။ သတင်းတွေနဲ့ပတ်သက်ပြီးတော့ စိစစ် အတည်ပြုတာမျိုးတော့ ရှိပါတယ်။ ရှေ့တန်းမှာတော့ အလင်းဝင်လာမှု၊ စစ်သုံ့ပန်း ဖြစ်သွားတာတွေ ရှိနေပေမယ့် သူတို့လစဉ် စုဆောင်းရရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် အရေအတွက်နဲ့ယှဉ်မယ် ဆိုရင်တော့ တပ်ထဲအဝင်(စစ်သားစုဆောင်းမှု)က များပြီး ပြုန်းတီးမှုက နည်းနေတာ တွေ့ရပါတယ်” လို့ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းအပါအဝင် အလင်းဝင်လာသူ စုစုပေါင်း ၁၂၅ ယောက်မှာ စစ်မှုထမ်း တပ်သားသစ်အဖြစ် စုဆောင်းခံရသူက ၅၈ ယောက်ရှိတယ်လို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်က ပြုလုပ်ထားတဲ့ စစ်တမ်းတွေအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ အလင်းဝင်လာသူ၊ လက်နက်ချသူ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၂၄၆ ယောက် အထိ ရှိတယ်လို့ ပြောပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ဟာ အလင်းဝင်သူ၊ လက်နက်ချသူ၊ စစ်သုံ့ပန်း စတာတွေရဲ့ ဒေတာ အချက်အလက် စုဆောင်းတာ၊ သက်မွေးသင်တန်းပို့ချတာ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီး ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်ပေးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013