
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာစစ်ကြောင်းက အောက်တိုဘာ ၂၀ ရက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က တပ်ရင်းမှူး ညီညီနိုင် အပါအဝင် ၁၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၂ စစ်ဆင်ရေးနယ်မြေက အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း လက်နက်ငယ် ၅ လက်၊ ၆၀ မမ ၁ လက်၊ ဒရုန်း Jammer အထိုင်စက်ကြီး ၁ ခု၊ ခဲယမ်းမျိုးစုံနဲ့ တခြား စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်ဘက်က စစ်ကူအင်အားဖြည့်တင်းကာ ပြန်လည်တိုးဝင်လာတဲ့အတွက် တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တောင်းမြစ်ကမ်းဝန်းကျင်ဒေသရှိ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။


