
မန်စီးတီးနဲ့ပွဲစဉ်မှာ နောက်ခံလူ ဗန်ဒိုက်ရဲ့ ချေပဂိုးကို ခွင့်မပြုခဲ့တဲ့အပေါ် လီဗာပူးနည်းပြ အာနဲစလော့က ဝေဖန်ပြစ်တင်သွားပါတယ်။
လီဗာပူးအသင်းဟာ နိုဝင်ဘာ ၉ ရက် မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။
လီဗာပူးက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေတဲ့ ပွဲချိန် ၃၉ မိနစ်မှာ ဗန်ဒိုက်က ဆာလာရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းခဲ့ပေမဲ့ နောက်ခံလူ ရော်ဘတ်ဆန်က မန်စီးတီးဂိုးသမားရဲ့ မြင်ကွင်းကို အနှောင့်အယှက်ပေးတယ်ဆိုပြီး ပြန်လည်ပယ်ဖျက်ခဲ့တာပါ။
ရော်ဘတ်ဆန်ဟာ ဂိုးသမားရဲ့မြင်ကွင်းကို နှောင့်ယှက်မှုမရှိတာကြောင့် ရှင်းလင်းတဲ့ ဆုံဖြတ်ချက်အမှား ဖြစ်တယ်လို့ နည်းပြစလော့က ပွဲအပြီးမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီက ဝုဗ်အသင်းဘက်ကို မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းက ခေါင်းတိုက်ဂိုးသွင်းခဲ့ပြီး ဘာနာဒိုဆေးလ်ဗားက ဂိုးသမားရှေ့မှာ အလားတူ ရှိနေပေမဲ့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တဲ့ဖြစ်ရပ်ကို ပွဲအပြီးမှာ တစုံတယောက်က မိမိကိုပြသခဲ့ကြောင်းလည်း နည်းပြစလော့က ပြောပါတယ်။
ဒီလိုဆုံးဖြတ်ချက်အမှားက ဘောလုံးမှာ ဖြစ်လေ့ဖြစ်ထရှိပြီး ဒီဂိုးမရလို့ မိမိတို့ ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ဆင်ခြေပေးတာမဟုတ်ကြောင်းလည်း နည်းပြစလော့က ပြောသွားပါတယ်။


