
ဥရောပရဲ့ အရှေ့ဘက်ဒေသမှာ အမေရိကန်တပ်ဖွဲ့တွေကို လတ်တလော လျှော့ချနေချိန်အတွင်း ရိုမေနီးယား တိုက်ခိုက်ခံရရင် NATO ဟာ စစ်ရေးစွမ်းရည် အပြည့်အဝနဲ့ မဟာမိတ်နိုင်ငံကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေက နိုဝင်ဘာ ၅ ရက်မှာ ရိုမေနီးယားကို အာမခံ ပြောကြားခဲ့ပါတယ်။
ဘူခါရက်စ်မှာ ကျင်းပတဲ့ NATO-စက်မှုလုပ်ငန်းဖိုရမ် မတိုင်ခင် မိန့်ခွန်းပြောကြားရာမှာ မာ့ခ်ရူတေက ရိုမေးနီးယားရဲ့ မီဟိုင်လ် ကိုဂါလ်နီချာနူ လေတပ်စခန်းမှာ တပ်စွဲထားသူတွေ အပါအဝင် တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချမယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကြေညာချက် ပြီးခဲ့တဲ့အပတ်က ထွက်လာအပြီးမှာ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပြောကြားခဲ့တာပါ။
NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေက “ရုရှားတွေပဲဖြစ်ဖြစ်၊ NATO ကို တိုက်ခိုက်မယ့်သူတွေပဲဖြစ်ဖြစ်၊ အထူးသဖြင့် ရိုမေးနီးယားကို တိုက်ခိုက်မယ့်သူတွေပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်၊ တိုက်ခိုက်မှုတခုခု ဖြစ်လာခဲ့ရင် ဥရောပရဲ့ အရှေ့ဘက်ခြမ်းကို ကာကွယ်ဖို့ NATO ရဲ့ (Eastern Sentry) စစ်ဆင်ရေး တခုတည်းကသာ ကူညီပေးမှာ မဟုတ်ဘဲ ရှေ့တန်းတပ်ဖွဲ့တွေသာမကဘဲ NATO တခုလုံးက ကူညီပေးသွားမှာဖြစ်ပြီး F-35 လေယာဉ်များ၊ ရေတပ်နဲ့ ကြည်းတပ် တို့ရဲ့ စွမ်းရည်အပြည့်တွေနဲ့ ကယ်တင်မယ်” လို့ ပြောပါတယ်။
မာ့ခ်ရူတေဟာ NATO မဟာမိတ်အဖွဲ့ရဲ့ စုပေါင်းကာကွယ်ရေးမူကို အလေးပေးပြောကြားခဲ့ပြီး လိုအပ်လာရင် NATO အဖွဲ့ဝင်နိုင်ငံ ၃၁ နိုင်ငံစလုံးက ရိုမေးနီးယားကိုကူညီဖို့ ရောက်ရှိလာမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။
အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းခြင်းနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ရူတေက အဲဒီလို ချိန်ညှိမှုတွေဟာ ပုံမှန်ဖြစ်ပြီး အတွေးမလွန်ကျွံဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ဟာ ဝါရှင်တန်ရဲ့ ဦးစားပေးတွေမှာ အပြောင်းအလဲတွေ ရှိနေတာကြောင့်လို့ မျှော်လင့်ရပြီး အမေရိကန်တပ်သား ၁,၀၀၀ လောက်ကိုတော့ ရိုမေးနီးယားမှာ ဆက်လက်တပ်စွဲထားဦးမယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။
Source: Reuters


