Home
မြန်မာသတင်း
အင်တာနက်လိုင်း အဆင်မပြေသဖြင့် အွန်လိုင်းဈေးရောင်းသူနှင့် သင်တန်းတက်သူများ အခက်ကြုံ
DVB
·
November 6, 2025

မြန်မာနိုင်ငံမှာ အခုရက်ပိုင်း အင်တာနက်နဲ့ ဖုန်းလိုင်း အသုံးပြုမှု အဆင်မပြေတဲ့အတွက် အွန်လိုင်းဈေးရောင်းသူတွေနဲ့ အွန်လိုင်းကနဲ့ သင်တန်းတက်သူတွေ အခက်အခဲကြုံနေကြပါတယ်။ 

ရန်ကုန်မြို့ပေါ်မှာ အခုရက်ပိုင်းတွေအတွင်း ဝိုင်ဖိုင်လိုင်းတွေ ကျ‌နေသလို ဖုန်းအင်တာနက် အသုံးပြုရတာတွေလည်း အဆင်မပြေဘူးလို့ သိရပါတယ်။

လိုင်းမကောင်းတဲ့အတွက် အွန်လိုင်းဈေးရောင်းသူတွေ အသုံးပြုတဲ့ Facebook, Business suit စတဲ့ အွန်လိုင်းပလက်ဖောင်းတွေလည်း အသုံးပြုရတာ နှောင့်နှေးနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ခံတယောက်က “အင်တာနက်ကတော့ သုံးရတာ အရင်လိုမဟုတ်ဘူး။ လိုင်းမကောင်းတာတော့ သိတယ်၊ post တင်တာ ဘာညာ မိုင်ဒေးတင်တာတောင်မှပဲ post တခု တက်ဖို့ကို အကြာကြီးစောင့်ပြီး တင်နေရတယ်၊ ကာစတန်မာ ပို့လာတဲ့ ပုံတွေဆိုရင် ကြည့်ရဖို့ကို အကြာကြီးစောင့်ရတယ်၊ ဖုန်းတွေဘာတွေ voice call တွေ ဘာတွေတောင် ပြောလို့မရဘူး၊ connecting ပဲ ဖြစ်နေတယ်၊ fb တွေဘာတွေ Business suit တွေ vpn နဲ့ သုံးရတာတွေဆို လိုင်းကမကောင်းဘူးလေ။ အဲဒီအခါကျတော့ သိပ်တော့အဆင်မပြေဘူး” လို့ ပြောပါတယ်။

အင်တာနက်လိုင်းမကောင်းတဲ့အတွက် ဈေးရောင်းအားတွေလည်း ကျနေတယ်လို့ အွန်လိုင်း ဈေးရောင်းသူက ဆက်ပြောပါတယ်။ အင်တာနက်လိုင်းကျတာ သိသိသာသာ ဆိုးရွားနေတဲ့အတွက် ဝိုင်ဖိုင်ကုမ္ပဏီ အများစုကလည်း တောင်းပန် အသိပေးစာတွေ ထုတ်ပြန်ထားပါတယ်။

ဖိုင်ဘာဆက်ကြောင်း ချို့ယွင်းတာ၊ Upstream ချို့ယွင်းတာ၊ international Uplink အပြစ်ဖြစ်ပွား‌နေတာ၊ Uplinks Issues ဖြစ်ပေါ်နေတာ၊ အဓိက ပင်မဆက်ကြောင်းလိုင်းတွေ ပြတ်တောက်မှု စတာတွေကြောင့်  အင်တာနက်လိုင်း နှေးကွေးတာနဲ့ လိုင်းပြတ်တောက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာလည်း ဝိုင်ဖိုင်လိုင်းတွေ ကျနေသလို ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အင်တာနက်လိုင်းမကောင်းတဲ့အတွက် Zoom application လည်း အသုံးပြုရတာ အဆင်မပြေလို့ အွန်လိုင်းသင်တန်းတချို့ ရပ်နားထားရတယ်လို့လည်း သိရပါတယ်။

Wi-Fi လစဉ်ကြေးတွေသွင်းပြီး အင်တာနက်ပက်ကေ့တွေ ထပ်ပြီးဝယ်ယူသုံးစွဲနေရတဲ့အတွက် ငွေအပိုကုန်နေရတယ်လို့ တောင်ကြီးဒေသခံ တယောက်က ပြောပါတယ်။

တောင်ကြီးမြို့ခံက “ဝိုင်ဖိုင်ကတော့ ကြာပြီ။ မိုးရွာလို့ လေတိုက်ပြီဆိုရင် မရတော့ဘူး။ တပတ်လောက်ရှိပြီ သိသာတယ်၊ လိုင်းမကောင်းဘူး တခုခုဝင်ရင် အကြာကြီးစောင့်နေရတယ်၊ သင်တန်း ခဏလေးဝင်တာတောင်မှ ခဏလေးဝင်ပြန်ပြုတ် ပြန်ချိတ် အဲဒီလို ဖြစ်နေတယ်၊ ကောင်းနေတဲ့အချိန်ဆို ကောင်းနေတယ်၊ ကျသွားရင်လည်း ကျတယ်၊ ခဏခဏ  ပြန်ပြန်ကျတာ၊ အပိုပိုကုန်သွားတာပေါ့ ဝိုင်ဖိုင်ရှိရဲ့နဲ့ ဝိုင်ဖိုင်မသုံးရဘူး Data ပြန်သုံးရတာပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း စစ်ကောင်စီရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေ တင်သွင်းရာမှာ အင်တာနက်လိုင်းချို့ယွင်းမှုကြောင့် ကျန်နေခဲ့တဲ့ ကိုယ်စားလှယ်လောင်း အယောက် ၆၀ စာရင်းကို ဖြည့်စွက်ပြီး ရွေးကောက်ပွဲကော်မရှင် (UEC) က ပြင်ဆင်ကြေညာခဲ့ရပါသေးတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013