Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများအားလုံး တာလီဘန်အစိုးရ ပိတ်ချ
DVB
·
September 30, 2025
Photo: Reuters

အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အစိုးရဟာ အင်တာနက် ဖိုင်ဘာဆက်ကြောင်းတွေကို ဖြတ်တောက်ခဲ့ပြီးနောက် မကြာခင်မှာပဲ တယ်လီဖုန်း ဆက်သွယ်ရေးစနစ် တခုလုံးပါ ပိတ်ချလိုက်ပါတယ်။

ဒါကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ “အလုံးစုံ အင်တာနက်ပြတ်တောက်နေတယ်” ဆိုပြီး NetBlocks စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုပါတယ်။

ဒါ့အပြင် ကဘူးလ်မြို့တော်မှာရှိတဲ့ ရုံးတွေနဲ့ပါ အဆက်အသွယ်ပြတ်နေကြောင်း နိုင်ငံတကာ သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်​။

အဲဒီနောက် အာဖဂန်နိုင်ငံတဝန်းမှာ မိုဘိုင်းလ်အင်တာနက်နဲ့ ဂြိုဟ်တုရုပ်သံတွေအထိ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်နေပါတယ်‌။

အခုလို ပိတ်ချရတဲ့ အကြောင်းအရင်းကို တာလီဘန်အစိုးရက တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပေမဲ့လည်း နောက်ထပ် အမိန့်ထွက်လာချိန်အထိ ကြာမြင့်မယ်လို့ တာဝန်ရှိသူတယောက်က ပြောထားပါတယ်။

စက်တင်ဘာ ၃၀ ရက်မှာတော့ ကဘူးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာမယ့် ဒါမှမဟုတ် ဆိုက်ရောက်မယ့် လေကြောင်းခရီးစဉ် ၈ ခုထက်မနည်းကို ဖျက်သိမ်းခဲ့ရပါတယ်။

အစောပိုင်းမှာ တာလီဘန်တွေက အင်တာနက်သုံးစွဲနိုင်မယ့် တခြားရွေးချယ်စရာ လမ်းကြောင်းတခုကို ဖန်တီးပေးမယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်​။

တချိန်တည်းမှာ အင်တာနက်ပိတ်ပင်မှု ဆက်ရှိနေဦးမယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ လုပ်ငန်းဆောင်တာကို သိသိသာသာ ထိခိုက်နိုင်တဲ့အကြောင်း သတိပေးခဲ့ကြပါတယ်။

အာဖဂန်မှာ ကျင့်သုံးနေတဲ့ ရှရီယာ အစ္စလာမ္မစ်ဥပဒေအရ တာလီဘန်တွေရဲ့  အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ကန့်သတ်ချက်မျိုးစုံ ချမှတ်ခဲ့တဲ့အလျောက် အင်တာနက် ဖြတ်တောက်မှုလည်း ပါဝင်လာခဲ့ပါတယ်​။

အခုလအစောပိုင်းတုန်းက အမျိုးသမီးတွေရေးသားခဲ့တဲ့ စာအုပ်မှန်သမျှကို တိုင်းပြည်ရဲ့  တက္ကသိုလ်ပညာရေးစနစ်ကနေ ဖယ်ရှားခဲ့ပါသေးတယ်။​

အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေက ဖိနှိပ်ချုပ်ချယ်ခံနေရတာ ဖြစ်တဲ့အလျောက် အသက် ၁၂ နှစ်နဲ့ အထက်ဆိုရင် ပညာသင်ကြားခွင့်ကို ပိတ်ပင်ထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အမေရိကန် အပါအဝင် တခြား နိုင်ငံတကာတပ်ဖွဲ့တွေ စွန့်ခွာသွားပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ လျင်မြန်တဲ့ထိုးစစ်တွေနဲ့အတူ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013