
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်ကောင်စီတပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပိုစတာကပ်တာ၊ လက်ကမ်းစာစောင် ဝေတာတွေကို နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။
အင်းလေးကန် အနောက်ခြမ်း ငါးဖယ်ချောင်းကျေးရွာအုပ်စု၊ အမှတ် ၁ လမ်းမကြီးတနေရာ၊ အင်းပေါခုံ၊ ခေါင်တိုင်၊ နမ့်ပန်နဲ့ သလဲဦးအုပ်စုတို့မှာ ပိုစတာကပ်တာတွေ၊ လက်ကမ်းစာစောင် ဝေတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ကိုအားမာန်က “ဒီ ၂၀၂၅ ရွေးကောက်ပွဲဟာ စစ်တပ်အတွက်တော့ ထွက်ပေါက်ဆိုပေမဲ့ ပြည်သူတရပ်လုံးအတွက် ပိုပြီး ဆင်းရဲဒုက္ခရောက်စေမယ့် ထောင်ချောက် ရွေးကောက်ပွဲဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲအကြောင်းကို ပြည်သူတွေ သိရှိနိုင်စေဖို့ လက်ကမ်းစာစောင်တွေနဲ့တဖုံ သတင်းဆောင်းပါးတွေနဲ့တမျိုး အမျိုးမျိုး တင်ပြနေခဲ့ပါတယ်။ အခု ဒီကမ်ပိန်းကျတော့ ရိုးသားလွန်းတဲ့ အင်းထဲနေ ပြည်သူအများ သူများယောင်တိုင်း လိုက်မယောင်ဖို့ရယ်၊ ဖက်ဆစ်စစ်တပ်ကပေးတဲ့ မျှော်လင့်ချက် အတုတွေမှာ မျောပါမသွားဖို့ရယ် ပြုလုပ်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အသိပညာပေးတာတွေ၊ ဆွေးနွေးတာတွေကို အွန်လိုင်းကနေလည်း အကြိမ်ကြိမ် ဟောပြောခဲ့သလို မြေပြင်မှာလည်း လုပ်ဆောင်နေပြီး အခုတခေါက်မှာတော့ အသိပညာပေး ဟောပြောတာအပြင် လက်ကမ်းစာစောင် ဝေမျှတာတွေကိုလည်း ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ ရွေးကောက်ပွဲကို မြန်မာနိုင်ငံအနှံ့က စစ်တပ် ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး အခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။




