ထိုင်းနိုင်ငံမြောက်ပိုင်း လန်နာရိုးရာယဉ်ကျေးမှုပွဲတော်တခုဖြစ်တဲ့ ယိပင်းပွဲတော်ကို နိုဝင်ဘာ ၃ ရက်က ချင်းမိုင်မြို့ရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ ဘုရင် ၃ ပါးအထိမ်းအမှတ်ရုပ်တုနေရာမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
ဒီပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ မြို့တော်ဝန်လည်း သဘာပတိအဖြစ် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အကအလှမယ် ၇၀၀ ကျော်နဲ့ ချင်းမိုင် ရိုးရာအကအလှတွေကို ကပြဖျော်ဖြေခဲ့ကြပါတယ်။
ဒီပွဲတော်မှာ ပါဝင်ကူညီပေးနေတဲ့ အစီအစဉ်တင်ဆက်သူ ဘန့်ဇ်နတ်တာနန်ကတော့ "ဒီပွဲတော်က လူတိုင်းအတွက်ဖြစ်ပါတယ်။ လာရောက်ပါဝင် ဆင်နွှဲလိုက်ကြပါ။ ယိပင်းပွဲတော်ကို ပိုသိအောင် လန်နာ မူရင်း ရိုးရာယဉ်ကျေးမှုတွေကို ပိုနားလည်အောင် လာရောက်ပါဝင် ဆင်နွှဲကြပါ။ ပြီးတော့ လန်နာလူမျိုးတွေရဲ့ မူလအစကတည်းက ကျင်းပခဲ့ကြတဲ့ ယိပင်းဒါမှမဟုတ် လွိုင်ကထုန် ပွဲတော်တွေက ဘယ်လောက် အံ့ဩဖွယ်ကောင်းပြီး ဘယ်လိုထူးခြားလဲဆိုတာ ပြန်လည်ခံစားကြည့်နိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်" လို့ ပြောပါတယ်။
ဒီပွဲတော်ကိုတော့ Tam Phang Pathit Song Fah Haksa Mueang ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတာဖြစ်ပြီး အဓိပ္ပာယ်ကတော့ မီးထွန်းညှိပူဇော်ပြီး မြို့ကို ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။
လန်နာလူမျိုးတွေရဲ့ အဆိုအရ Phang Pathit ဆိုတာ ဆီမီးခွက်လို့ အဓိပ္ပာယ်ရပြီး ချင်းမိုင်မြို့ကို ကာရံထားတဲ့ လေးဘက်လေးတန်က မြို့အုတ်ရိုးတွေကို ဆီမီးခွက်တွေနဲ့ ဆီမီးထွန်းညှိခြင်းနဲ့ မြို့ကို စောင့်ရှောက်နေတဲ့ အစောင့်အရှောက်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ ဆီမီးနဲ့ပူဇော်ပြီး ဂါရဝပြုတာလို့လည်း သိရပါတယ်။
Photo: DVB

















