Home
နိုင်ငံတကာ
ချင်းမိုင်တွင် တရုတ်ကျားဖြန့်ဂိုဏ်းသား ၂၀ ဖမ်းမိ၊ ၁၀ ကျော် ထွက်ပြေးနေ 
DVB
·
October 31, 2025
Photo: Thairath

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့လိမ်းမြို့ထဲမှာ အောက်တိုဘာ ၃၀ ရက်က တရုတ်ကျားဖြန့် (အွန် လိုင်းလိမ်လည်) ဂိုဏ်းသားအယောက် ၂၀ ဖမ်းဆီးရမိပြီး ၁၀ ယောက်က ထွက်ပြေးလွတ်မြောက်နေဆဲပဲလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မဲ့လိမ်းမြို့ ဒွန်းကယောက်ရပ်ကွက် မဲ့ပင်းမြစ်ကမ်းနဘေးက ဇိမ်ခံအိမ်ရာထဲမှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်နေကြောင်း အကြောင်းကြားချက်ရတာကြောင့် လိုအပ်သလိုစုံစမ်းစစ်ဆေးပြီး ဆိုင်ဘာရဲတပ်ဖွဲ့၊ လဝက နဲ့ နယ်မြေအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့အတူ အောက်တိုဘာ ၃၀ ရက် မနက် ၁၀ နာရီလောက်က သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့  အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ကရစ်ထာဖွန်း ယိဆာခွန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

တာဝန်ရှိသူတွေ‌ရောက်သွားချိန်မှာ အိမ်ထဲကလူတွေ ကြိုတင်သိရှိနေတဲ့အလား အိမ်ဘေးက တောအုပ်ထဲ ထွက်ပြေးကြတယ်။ ရဲတွေက လူစုခွဲပြီးလိုက်ဖမ်းရာမှာ တရုတ်နိုင်ငံသား အမျိုးသား ၁၄ ယောက် အမျိုးသမီး ၆ ယောက် စုစုပေါင်း အယောက် ၂၀ ဖမ်းမိတယ်။ အမျိုးသမီးတစ်ယောက်မှာ ထွက်ပြေးရင်းနဲ့ ချော်လဲပြီး ခြေကျိုးသွားတယ်။ ၁၀ ယောက်လောက်  ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့  ရဲမှူးချုပ်က ပြောပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါအိမ်ထဲမှာ စီစီကင်မရာတပ်ထားပြီး တာဝန်ရှိသူတွေ ဝင်လာတာကို တွေ့တော့ ထွက်ပြေးကြတယ်၊ အဲဒီအိမ်ထဲကနေ ကွန်ပြူတာ၊ တယ်လီဖုန်းအလုံး ၁၀၀ ကျော်နဲ့ တရုတ်ဆင်းကတ် အမြောက်အမြားဖမ်းဆီးရမိတယ်၊ ကွန်ပြူတာထဲမှာ သားကောင်တွေဆီကနေ ငွေရဖို့ လိမ်လည်ပြောဆိုနေတဲ့ အချက်အလက်တွေ တွေ့တယ်လို့ ဆိုပါတယ်။ 

ဂိုဏ်းခေါင်း‌ဆောင်မှာ တရုတ်ပြည်ကနေ ညွှန်ကြားနေပြီး အဲဒီအိမ်ကြီးကို တလ ဘတ် ၁ သိန်း ၂ သောင်းနဲ့ ငှားပေးထားတယ်။ ဖမ်းဆီးရမိသူတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး အလည်အပတ်ဗီဇာ၊ ကျောင်းသားဗီဇာတွေနဲ့ နေထိုင်က တရုတ်ပြည်က လူတွေကို ပြန်ပြီးလိမ် လည်နေတာလို့ ဆိုပါတယ်။ 

လိမ်ပုံလိမ်နည်းမှာလည်း ထုံးစံအတိုင်း နို်ငံခြားက ပါဆယ်ရောက်နေလို့ ပြန်ရွေးယူဖို့၊ ရင်းနှီးမြှုပ်နှံမှုမှာ ရှယ်ယာပါဝင်ဖို့၊ အာမခံအမျိုးမျိုးလုပ်ဖို့ စတာတွေပါတယ်။ သူတို့ဟာ အဲဒီအလုပ်ကို မနက် ၉ နာရီမှ ည ၁၀ နာရီထိ လုပ်ရတယ်၊ လုပ်အားခ တလကို ဘတ် ၁ သိန်းနဲ့ ၂ သိန်းကြားမှာရတယ်။ ရောက်လာတာ ၂ လလောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ 

ဆက်လက်စစ်ဆေးချက်အရ ဒီတခေါက်ဖမ်းမိတဲ့ စကဲင်မာတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက် နဲ့ ၃၀ ရက်နေ့က ချင်းမိုင်ခရိုင် ဟန်ဒုံးမြို့နယ် နဲ့  မဲ့လိမ်းမြို့နယ် ဟွေ့ဆိုင်းရပ်ကွက်ထဲမှာ ဖမ်းမိတဲ့သူတွေနဲ့ တဂိုဏ်းတည်းဖြစ်တယ်။ အဲဒီတုန်းက ဖမ်းမိတဲ့သူတွေကို  ပြည်နှင်ဒဏ်ပေးခဲ့ပြီး ဂိုဏ်းခေါင်းဆောင်က မပြောင်းဘဲ လူသစ် နောက်ထပ် ၃၀ ခေါ်လာတာလို့ ဆိုပါတယ်။ 

ခုတခေါက် ဖမ်းမိတဲ့သူတွေကိုလည်း ထိုင်းဥပဒေအရ အရေးယူပြီးရင် တရုတ်အစိုးရလက်ထဲ ပြန်အပ်မယ်၊ လောလောဆယ် ချင်းမိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ထားပြီး ထွက်ပြေးနေသူတွေကိုလည်း လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ အမှတ် ၅ ရဲမှူးချုပ်က ပြောသွားပါတယ်။ 

Source -  Thairath / PPTV 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013