
ဂရင်းစလင်း ၂၄ ကြိမ် ချန်ပီယံ နိုဗက် ဂျိုကိုဗစ်ဟာ အီတလီနိုင်ငံ၊ တူရင်မြို့မှာ ကျင်းပမယ့် ATP Finals ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ အီတလီတင်းနစ်အဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။
အသက် ၃၈ နှစ်အရွယ် ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့လက ရှန်ဟိုင်းမာစတာပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲတွေမှာ ပါဝင်ကစားခြင်း မရှိခဲ့ပါဘူး။
အီတလီတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ အန်ဂျလို ဘီနာဂီက “ဂျိုကိုဗစ် တူရင်မြို့ကို လာမယ်ဆိုတာ ကျနော်တို့ အတည်ပြုချက် ရထားပါတယ်” လို့ အီတလီရေဒီယိုလိုင်းတခုကို နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဂျိုကိုဗစ်ဟာ ကမ္ဘာ့ထိပ်တန်းကစားသမား ၈ ယောက် ပါဝင်ယှဉ်ပြိုင်တဲ့ ဒီပြိုင်ပွဲမှာ စံချိန်တင် ၇ ကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့ဖူးပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်မှာ ဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: Reuters




