Home
အားကစား
ယူအက်စ်အိုးပင်း တင်းနစ်ချန်ပီယံဆုကို ဂျိုကိုဗစ် ဆွတ်ခူး
DVB
·
September 11, 2023
Djokovic

ဆားဗီးယား တင်းနစ်အကျော်အမော် နိုဗက်ဂျိုကိုဗစ်ဟာ စက်တင်ဘာ ၁၀ ရက်က ယှဥ်ပြိုင်ခဲ့တဲ့ ယူအက်စ်အိုးပင်း အမျိုးသားတဦးချင်း တင်းနစ်ဗိုလ်လုပွဲမှာ ရုရှားကစားသမား ဒန်နီယယ်မီဒေါ့ကို ၃ ပွဲပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဒန်နီယယ်မီဒေါ့ကို ၆-၃၊ ၇-၆၊ ၆-၃ နဲ့ အနိုင်ယူပြီး ယူအက်စ်အိုးပင်းဖလားကို ဆွတ်ခူးခဲ့တာပါ။

ဂျိုကိုဗစ်က “ဒီအောင်ပွဲဟာ ကျနော့်အတွက်ကော ကမ္ဘာကြီးအတွက်ပါ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။ တင်းနစ်အားကစားရဲ့ အမြင့်ဆုံးအဆင့်မှာ ကစားဖို့ဟာ ငယ်စဥ်ကတည်းက ကျနော့်ရဲ့အိပ်မက်ဖြစ်ပြီး ကစားဖို့လည်း အများကြီး မျှော်လင့်ခဲ့ပါတယ်။ အခုတော့ ကျနော် ဒီအခြေအနေကို ရောက်နေပါပြီ။ ဒါဟာ အခက်အခဲတွေကြားကနေ ပံ့ပိုးပေးခဲ့တဲ့ မိသားစုဝင်တွေကြောင့်ပါ။ ဝင်ဘယ်ဒန်ရှုံးနိမ့်ခဲ့တဲ့အတွက် ကျနော် တကယ်ကြေကွဲခဲ့ရပါတယ်။ အခုတော့ ပြန်ဖြေဖျောက်စရာတခု ယူနိုင်ပါပြီ” လို့ ပြိုင်ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ယူအက်စ်အိုပင်းဟာ ဂျိုကိုဗစ်အတွက် အခုနှစ်အတွင်း ၃ ခုမြောက် ဂရင်းဆလန်း ချန်ပီယံဆု ဖြစ်ခဲ့ပြီး သူဟာ သြစတြေးလျအိုးပင်းနဲ့ ပြင်သစ်အိုးပင်းတို့ကိုလည်း အခုနှစ်မှာ ဆွတ်ခူးထားခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၂ နိုဗက်ဂျိုကိုဗစ်ဟာ အခုနှစ်အတွင်း ရာဖေးနာဒယ်ရဲ့ ကမ္ဘာ့ ဂရင်းဆလန်း အများဆုံး ၂၂ ကြိမ်ကို ၂၃ ကြိမ်နဲ့ ကျော်ဖြတ်ခဲ့ပါသေးတယ်။

အသက် ၃၆ နှစ်အရွယ် ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပင်း ၁၀ ကြိမ်၊ ဝင်ဘယ်လ်ဒန်အိုးပင်း ၇ ကြိမ်၊ ယူအက်စ်အိုးပင်း ၄ ကြိမ်နဲ့ ပြင်သစ်အိုးပင်း ၃ ကြိမ်တို့ ရရှိခဲ့ပါတယ်။

ဝါရင့်တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ဂရင်းဆလန်း ချန်ပီယံဆု ၂၄ ကြိမ် ဆွတ်ခူးထားသလို သြစတြေးလျအိုးပင်း မတိုင်မီ ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည်တက်လှမ်းနိုင်ဖို့လည်း အခြေအနေကောင်းတွေ ပိုင်ဆိုင်နေပါတယ်။

Photo-Novak Djokovic

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013