ကျူးဘား ဘောလုံးလက်ရွေးစင်ဟောင်း အဲရစ်ဖာနန်ဒက်ဇ်ဟာ ဩဂုတ် ၃၁ ရက်က မြို့တော် ဟာဗားနားက ဟိုတယ်တခုမှာ သူတင်ထားတဲ့ စံချိန်ကို ပြန်ချိုးဖို့ ကြိုးစားခဲ့ပါတယ်။
ခြေချင်းဝတ်နှစ်ဖက်မှာ ၁ ဒသမ ၅ ကီလိုဂရမ်ရှိတဲ့ အလေးကိုဆွဲ၊ ကြမ်းပြင်ပေါ်မှာထိုင်ပြီး ၃ နာရီ၊ ၇ မိနစ်၊ ၂၈ စက္ကန့်ကြာ ဘောလုံးတော့ပြီး စံချိန်သစ်တင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
ကမ္ဘာ့စံချိန် အများအပြားတင်ထားတဲ့ ဟာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်ကလည်း ဒီပုံစံပဲ ၃ နာရီ၊ ၄ မိနစ်၊ ၂ စက္ကန့် ဘောလုံးတော့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန် တင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဒိုင် ၂ ယောက်က ဟာနန်ဒက်ဇ်ရဲ့ သူ့စံချိန်သူ ထပ်ချိုးမှုကို စောင့်ကြည့် အတည်ပြုပေးခဲ့ပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က စိစစ်အတည်ပြုပြီးရင် စံချိန်တင် ဖြစ်လာမှာပါ။ အသက် ၅၈ နှစ်ရှိပြီ ဖြစ်တဲ့ ဟာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီ ၆ ရက်ကလည်း ၁၂ နာရီ၊ ၆ မိနစ်၊ ၁၀ စက္ကန့်ကြာ မတ်တတ် ဘောလုံးတော့ပြီး ကမ္ဘာ့စံချိန် တင်ထားပါတယ်။
၂၀၂၀ တုန်းကလည်း စက္ကန့် ၃၀ အတွင်း ခေါင်းနဲ့ ၁၈၈ ချက်တော့ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်တခု တင်ထားပါသေးတယ်။
Source-Reuters