
အီရန်နိုင်ငံ၊ မာရှက်မြို့မှာ နိုဝင်ဘာ ၂ ရက်က ကျင်းပခဲ့တဲ့ Hazfi Cup ဘောလုံးပြိုင်ပွဲကို အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ လာရောက်ကြည့်ရှုခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက ကြိုဆိုလိုက်ပါတယ်။
ဒီဖြစ်ရပ်ဟာ “အားတက်ဖွယ်ရာ တိုးတက်မှု” တခု ဖြစ်ပြီး အီရန် Hazfi Cup ပွဲကို အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တက်ရောက်ကြည့်ရှုခဲ့တယ်လို့ သိရတဲ့အတွက် အရမ်းဝမ်းသာပါတယ်”လို့ အင်ဖန်တီနိုက သူရဲ့ လူမှုကွန်ရက်ကနေ နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။
အီရန်နဲ့ ကမ္ဘာတဝန်းက ဘောလုံးပွဲတွေကို လူတိုင်း လာရောက်ကြည့်ရှုနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက်ဆွေးနွေး ကြိုးပမ်းသွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။
ဖီဖာရဲ့ ရည်မှန်းချက်ဟာ ဘောလုံးအားကစားကို ကမ္ဘာပေါ်က လူတိုင်းအတွက် ဖြစ်စေဖို့ဖြစ်ပြီး ဒီလို တိုးတက်မှုတွေ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အီရန်မှာ ၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း အမျိုးသမီးတွေကို အားကစားပွဲတွေ တက်ရောက်ခွင့် တားမြစ်ခဲ့ပါတယ်။
အီရန်နိုင်ငံဟာ လာမယ့်နှစ် မြောက်အမေရိကမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။
Source: Reuters


