
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှု အစောပိုင်းကာလမှာ တက်ကြွစွာ ရှေ့တန်းကပါဝင်ခဲ့တဲ့ မိုးကုတ်မြို့က ရေပူကျောင်းဆရာတော် ဦးဣန္ဒကဟာ နိုဝင်ဘာ ၃ ရက် ညပိုင်းမှာ ပျံလွန်တော်မူသွားပါတယ်။
ဆရာတော်ဟာ ၂၀၂၁ ခု အောက်တိုဘာမှာ ထောင်ကပြန်လွတ်ခဲ့ပေမဲ့ ထောင်ကလွတ်လာတည်းက ကျန်းမာရေးချို့တဲ့ခဲ့တာလို့ နီးစပ်သူတွေဆီက သိရပါတယ်။
ထောင်ကလွတ်လာပြီး နောက်ပိုင်း နယ်မြေမတည်ငြိမ်မှုတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် တိမ်းရှောင်နေရင်း လေဖြတ်ဝေဒနာ ခံစားခဲ့ရတယ်လို့လည်း ဆရာတော်နဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။
ဆရာတော် ဦးဣန္ဒကဟာ မနေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ပျံလွန်တော်မူခဲ့ပြီး ဈာပနအခမ်းအနားကို အလျင်အမြန် ကျင်းပသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဆရာတော်နဲ့ နီးစပ်သူတယောက်က “ထောင်က လွတ်လာတည်းက မကျန်းမာတာ၊ မန္တလေးမှာ ဆေးကုနေတာ။ ငလျင်လှုပ်လို့ မိုးကုတ်ကို ပြန်ပင့်သွားခဲ့တာ။ ဈာပနအခမ်းအနားကတော့ လက်ရှိအခြေအနေအရ မြန်မယ်ထင်တာပဲ” လို့ DVB ကို ပြောပါတယ်။
ဆရာတော် လေဖြတ်ဝေဒနာ ခံစားနေရပြီး ကျန်းမာရေးချို့တဲ့နေလို့ မန္တလေးမြို့မှာ လာရောက် ဆေးကုသနေစဉ် စစ်ကိုင်းငလျင်ကြောင့် ရေပူကျောင်းကို ပြန်ကြွသွားကြတာဖြစ်ပြီး ရေပူကျောင်းမှာပဲ ပျံလွန်တော်မူခဲ့တာလို့လည်း ဆရာတော်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဆရာတော်ကို ၂၀၂၁ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက် စစ်တပ်က ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှာ ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး အဲဒီနှစ် အောက်တိုဘာ ၁၈ ရက်မှာ ပြန်လွတ်လာတာလည်း ဖြစ်ပါတယ်။
ဆရာတော် ဦးဣန္ဒကဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ရေပူကျောင်းကို တိုးချဲ့ဆောက်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားမဝင် ကျောက်မျက်တူးဖော်မှု ပုဒ်မ ၄၁ (က)/(ခ)၊ သစ်တောဥပဒေ ၄၂ (ခ)၊ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ တွေနဲ့ ဖမ်းဆီးခံရပြီး မန္တလေး အိုးဘိုအကျဥ်းထောင်မှာ တနှစ်ဝန်းကျင် အကျဉ်းချခံခဲ့ရပါတယ်။




