နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သံဝရာဘိဝံသ ဆရာတော်ကြီးဟာ ဩဂုတ် ၂ ရက်နေ့ည ၉ နာရီလောက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။
ဆရာတော်ကြီးပျံလွန်တော်မူချိန်မှာ သက်တော် ၈၅ နှစ်၊ သိက္ခာတော် ၆၅ ဝါရှိပြီဖြစ်ပြီး ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်း ဦးစီးပဓာန နာယက ဆရာတော်ကြီးဖြစ်ပါတယ်။
ဆရာတော်ကြီးနဲ့ နီးစပ်တဲ့ တပည့်တယောက်က “ဆရာတော်ကြီးက ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ပျံလွန်တော်မူသွားတာပါ။ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ရဲ့ ဂုဏ်ဆောင်၊ ရွှေရေးဆောင် စာသင်တိုက်ကြီးရဲ့ ဦးသျှောင်ပါ။ သာသနာအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပေါ့” လို့ ပြောပါတယ်။
ဆရာတော်ကြီးကို ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ သောင်ကြီးရွာမှာ ခမည်းတော် ဦးမောင်စိန်၊ မယ်တော်ကြီး ဒေါ်ပူတို့က မွေးဖွားခဲ့တာဖြစ်ပြီး စေတီယင်္ဂဏ (စာသင်တန်း)၊ သဒ္ဓမ္မပါလဓမ္မာစရိယ၊ သာသနဓဇသိရီ ပဝရဓမ္မာစရိယ၊ အဘိဓမ္မပါဠိပါရဂူ စာမေးပွဲတွေ အောင်မြင်ခဲ့တဲ့ဆရာတော်ကြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ဖြစ်တဲ့ ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ပြီး ၂၀၂၃ ခုနှစ် မေ ၂၅ ရက်တုန်းကလည်း နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်) ပျံလွန်တော်မူခဲ့ပါတယ်။
Photo - Win Ko