
မွန်ပြည်နယ်အတွင်းမှာ စက်သုံးဆီဖြန့်ဖြူးမှု စနစ်တကျမရှိတာကြောင့် စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စက်သုံးဆီရောင်းချနေသူတွေထံက သိရပါတယ်။
စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်ရထားသူတွေအနေနဲ့ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ စက်သုံးဆီ သိုလှောင်ကန်ကတဆင့် စက်သုံးဆီဖြန့်ဖြူးရာမှာ စနစ်တကျမရှိတဲ့အတွက် အခုလိုဆီပြတ်လပ်ရတာလို့ မြို့ပေါ်စက်သုံးဆီအရောင်းဆိုင် တာဝန်ခံတယောက်က ပြောပါတယ်။
"တပြည်နယ်လုံးကိုဖြန့်နေတဲ့ ရာဇာမင်းစက်သုံးဆီကန်မှာက ဆီဘောက်ဆာကားတစီးကို ဆီဖြည့်ရင် နေ့တဝက်လောက်ကြာတယ်။ ဆီပန့်ကလည်း ၃ ခုပဲရှိတာ။ ဆီကားတွေလည်း အများကြီးတန်းစီစောင့်နေရတာပေါ့။ ဒီကြားထဲ မြဝတီနဲ့ ဘုရားသုံးဆူမြို့ကိုပါ တရားဝင် ပို့တာတွေလည်းရှိနေတော့ စက်သုံးဆီ ပြတ်သွားတာပေါ့။"
မွန်ပြည်နယ်အတွင်း ဖြန်ဖြူးရောင်းချနေတဲ့ စက်သုံးဆီကို အရင်က ရန်ကုန် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီကန်ကတဆင့် လာရောက်ဖြန့်ဖြူးရာကနေ လက်ရှိမှာ မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ ရာဇမင်းစက်သုံးဆီ ဖြန့်ဖြူးရေး ဆီကန်မှ ထုတ်ယူဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။
စက်သုံးဆီပြတ်လပ်မှုနဲ့အတူ ဆီဈေးနှုန်းမြင့်တက်နေတာကြောင့် မွန်ပြည်နယ်ကို လာရာက်ကြမယ့် ဘုရားဖူးကားတွေအနေနဲ့ စက်သုံးဆီလုံလောက်စွာ ထည့်ယူလာကြဖို့ မြို့ခံတွေက အကြံပြုပါတယ်။
မော်လမြိုင်မြို့ခံတယောက်က "ဆီပြတ်နေတာက သုံးလေးရက်လောက်ရှိနေပြီ။ ဆီဘောက်ဆာတစီးဝင်လာရင်လည်း မြို့ပေါ်မှာရှိတဲ့ ကား၊ ဆိုင်ကယ် အစီးရေနဲ့ တွက်ရင် မလောက်ဘူးလေ။ ဒီကြားထဲ အစိုးရသတ်မှတ်ဈေးနှုန်းနဲ့ အနည်းဆုံး ၅၀၀ ကျပ် ပိုများနေတယ်။ ကလေးတွေကျောင်းပိတ်ရက်ဖြစ်နေလို့ပေါ့။ မဟုတ်ရင် ဒုက္ခဖြစ်ပြီ" လို့ပြောပါတယ်။
မွန်ပြည်နယ်ထဲမှာ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၁၇၀ ကျော်ရှိပေမဲ့ စက်သုံးဆီမရှိတဲ့အတွက် ယာယီဆိုင်ပိတ်သိမ်းထားကြကြောင်းနဲ့ ရာဇာမင်းဆီဆိုင်တချို့မှာ ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချ နေကြောင်း မြို့ခံတွေထံက သိရပါတယ်။
စစ်ကောင်စီကတော့ စက်သုံးဆီနဲ့ ပတ်သက်ပြီး ဖြန့်ဖြူးရလွယ်ကူစေဖို့နဲ့ ဈေးနှုန်းတည်ငြိမ်အောင် လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။




