
မြန်မာပြည်တွင်းစက်သုံးဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေ သီတင်း ၂ ပတ်ဆက်တိုက် ပြန်လည်ကျဆင်းလာပြီး အောက်တိန်း ၉၂ တလီတာဈေးနှုန်းက ကျပ် ၂,၈၀၀ အောက်အထိ ရောက်ရှိလာပါတယ်။
စက်သုံးဆီတင်သွင်း၊ သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ တလီတာကို ၃၅ ကျပ် ကနေ ကျပ် ၉၀ အထိ လျှော့ချသတ်မှတ်ခဲ့ပြီး၊ အခု သီတင်းပတ်မှာလည်း ကျပ် ၄၀ ကနေ ၁၀၀ အကြား ထပ်မံလျှော့ချသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်း ဒေါ်လာလဲလှယ်နှုန်းပြန်ကျနေတာနဲ့ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းတွေကျဆင်းလာတာကြောင့် ပြည်တွင်းဈေးနှုန်းတွေလည်း လျော့ကျလာတာလို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ကော်မတီရဲ့ အောက်တိုဘာ ၁၀ ရက်က သတ်မှတ်တဲ့ ရန်ကုန်အထိုင်စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တလီတာကို ၂၅၀၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တလီတာ ၃၀၅၀ ကျပ်၊ အောက်တိန်း 92 တလီတာ ၂၇၃၀ ကျပ်နဲ့ အောက်တိန်း ၉၅ က တလီတာကို ၂၈၀၀ ကျပ်ဈေးရှိပါတယ်။
Brent ရေနံစိမ်း တစည် ဈေးနှုန်းကတော့ အောက်တိုဘာ ၁၀ ရက်မှာ အမေရိကန် ဒေါ်လာ ၆၄ ဒသမ ၃၅ ဒေါ်လာ ရှိပြီး ၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။
ကမ္ဘာ့ရေနံဈေးကွက်စောင့်ကြည့်သူတွေရဲ့အဆိုအရ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ လျော့နည်းလာပြီး ငြိမ်းချမ်းရေးအလားအလာတွေ ပေါ်ထွက်လာတာကြောင့် ရေနံစျေးနှုန်း ကျဆင်းလာတာလို့ သိရပါတယ်။