
မုန်တိုင်းကြောင့် ဧရာဝတီတိုင်းက ပင်လယ်ပြင်မှာ ကျားဖောင်ပြတ်ပြီး မွန်ပြည်နယ် ပေါင်မြို့နယ်နဲ့ ချောင်းဆုံမြို့နယ်တွေအထိ မျောလာတဲ့ ရေလုပ်သားတွေကို ဒေသခံတွေက ကူညီကယ်ဆယ်ထားတယ်လို သိရပါတယ်။
စက်တင်ဘာလ ၂၄ ရက် ညနေက ပင်လယ်ပြင်မှာ ကျားဖောင်တွေနဲ့အတူ မျောပါလာကြတဲ့ ရေလုပ်သား အယောက် ၄၀ ကျော်ကို ဒေသခံတွေက တွေ့ရှိပြီး ကယ်ဆယ်ကူညီထားတာလို့ ကူညီကယ်ဆယ်ပေးထားသူတယောက်က ပြောပါတယ်။
“လေပြင်းနဲ့ လှိုင်းဒဏ်ကြောင့် ဘယ်လိုမှကမ်းကပ်ချိန် မရတော့ဘဲ မျောပါလာတာပေါ့နော်။ အားလုံးအသက်ရှင်လျက် ကယ်ထားနိုင်ပါတယ်။ အမျိုးသားတွေချည်းပဲ။”
ရေလုပ်သား မိသားစုဝင်တယောက်က “ဖျာပုံနယ်၊ အမာမြို့ရဲ့ ပင်လယ်ပြင်မှာ ငါးဖမ်းနေကြချိန် မုန်တိုင်းမိခဲ့တာကြောင့် မျောပါသွားတာ။ ဟိုဘက်ကို အဆက်အသွယ်လုပ်ထားပါပြီ။ ဒီဘက်က ရေလုပ်သားတွေဆိုတာ ဟုတ်ပါတယ်။ ဟိုဘက်ကလည်း လိုအပ်တာတွေအကုန် ကူညီပေးကြ ပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ ရေလုပ်သားတွေ နေထိုင်စားသောက်ဖို့ ကျေးရွာအရပ်သားတွေက ဝိုင်းဝန်းကူညီပေးထားပြီး မွန်ပြည်နယ်ချောင်းဆုံနဲ့ ပေါင်မြို့နယ်ဘက်က အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဧရာဝတီတိုင်းဘက်ကို ရေလုပ်သားတွေ ပြန်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းကနေ မျောပါသွားတဲ့ ပင်လယ်ကျားဖောင်တွေ အများအပြား မွန်ပြည်နယ်ထဲက ချောင်းဆုံနဲ့ ပေါင်မြို့နယ်ဘက်မှာ အပျက်စီးနဲ့ ရောက်ရှိကမ်းတင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းမှာလည်း မုန်တိုင်းဒဏ်ကြောင့် စက်တင်ဘာ ၂၅ ရက်က ပင်လယ်ကျားအစီးရေ ၄၀၀ ထက်မနည်း မျောပါပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။