
ဧရာဝတီတိုင်းမှာ လိုင်စင်မဲ့ယာဉ် စီးနင်းတဲ့အမှုနဲ့ ဒေသခံ ၅၀ ကျော် ထောင်ဒဏ် ၁ လ ချမှတ်ခံခဲ့ရတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လအတွင်း လိုင်စင်မဲ့ယာဉ်စီးနင်းမှုနဲ့အဖမ်းခံရတဲ့ သူတွေထဲက ၅၄ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ကို လာဘ်မထိုးနိုင်တဲ့သူတွေ အများဆုံးပါဝင်တယ်လို့သိရပါတယ်။
ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့နီးစပ်သူက “လိုင်စင်မဲ့ယာဉ်စီးနင်းသူတွေကို ရဲနဲ့စစ်တပ်က ပူးပေါင်းဖမ်းခဲ့တာ။ ရဲက တရားစွဲဆိုတင်မှုကြောင့် သက်ဆိုင်ရာ ခရိုင်နဲ့မြို့နယ် တရားရုံးတွေက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ လိုင်စင်မဲ့နဲ့ဖ မ်းခံထားရပြီး အမိန့်မချရသေးတဲ့သူတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
ကျုံပျော်ခရိုင်က ၃ ယောက်၊ ပုသိမ်ခရိုင်က ၁၁ ယောက်၊ ဟင်္သာတခရိုင်က ၉ ယောက်၊ မအူပင်ခရိုင်က ၈ ယောက်၊ ဖျာပုံခရိုင်က ၈ ယောက်၊ မြောင်းမြခရိုင်က ၇ ယောက်နဲ့ လပွတ္တာခရိုင်က ၈ ယောက် ဖြစ်တယ်လို့သိရပါတယ်။
မအူပင်မြို့နယ်က လိုင်စင်မဲ့ယာဉ် အဖမ်းခံရတဲ့သူတယောက်က “လိုင်စင်မဲ့ယာဉ်တွေကို နယ်မြို့တွေက ရပ်ကွက်ကြိုရပ်ကွက်ကြားထဲတွေအထိ လိုက်ဖမ်းတာ။ ဥပဒေနဲ့အညီ လုပ်တာမဟုတ်ပါဘူး။ ဥပဒေနဲ့အညီဆိုတာက အပြောသက်သက်ပါပဲ။ ဖမ်းမိလို့ ငွေပေးနိုင်တဲ့သူတွေ၊ စစ်ကောင်စီ တပ်ထောက်ခံတဲ့သူတွေ၊ ရဲနဲ့အဆင်ပြေတဲ့သူတွေဆို လွှတ်ပေးတာ” လို့ ပြောပါတယ်။
ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကိုလည်း ရဲက သိမ်းယူထားပြီး အဖမ်းခံရပေမဲ့ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဆီ လာဘ်ငွေပေးနိုင်သူတွေကတော့ တရားရုံးအထိ မရောက်ဘဲ ရဲစခန်းတွေမှာ ဆိုင်ကယ်ပြန်ယူ စီးနင်းခွင့်ရနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။