
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်၊ ရတနာလမ်းမှာ လူငယ် အမျိုးသား တယောက် နိုဝင်ဘာ ၃ ရက် မနက် ၂ နာရီကျော်လောက်က ဆွဲကြိုးချ သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးတဲ့ ပရဟိတအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူက အသက် ၂၀ ကျော်လောက်ရှိတဲ့ လူငယ်တယောက်ဖြစ်ပြီး ရတနာလမ်းဘက်အခြမ်း ဗဟိုလမ်းမကြီးပေါ်က ဗာဒံပင်တပင်မှာ လည်ပင်းကို ဆွဲကြိုးချသေတဲ့ အနေအထားတွေ့ရတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူနဲ့ နီးစပ်သူတယောက်က “နိုဝင်ဘာ ၃ ရက်မနက် ၂ နာရီ ကျော် လောက်ကဖြစ်သွားတာ။ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာပဲ ကြိုးဆွဲချသေဆုံးထားတာတွေ့တယ်ဆိုပြီး ပရဟိတအဖွဲ့တွေကို အကြောင်းကြားလို့ သွားရောက်သယ်ယူကာ သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ပေးထားတယ်”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့လူငယ်နဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာကြောင့် သတ်သေတာလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ရန်ကုန်မှာ အလားတူ ဖြစ်စဥ်မျိုးတွေ မကြာခဏဖြစ်ပေါ်နေပြီး အောက်တိုဘာ ၈ ရက်ကလည်း တာမွေမြို့နယ်က နေအိမ်တအိမ်မှာ ရေချိုးခန်းထဲ အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။




