Home
မြန်မာသတင်း
မိုးကုတ်လုံခြုံရေးနှင့်တော်လှန်စစ်အတွက် MDY-PDF က လူငယ်တပ်သားသစ်ဖိတ်ခေါ်
DVB
·
November 1, 2025

မိုးကုတ်မြို့ လုံခြုံရေးနဲ့ လက်ရှိ စစ်ရေးအခြေအနေတွေဟာ တော်လှန်ရေးတစုံလုံးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အခြေအနေ အလှည့်အပြောင်းဖြစ်တဲ့အတွက် လူငယ်တပ်သားသစ်တွေ ထပ်မံဖိတ်ခေါ်တာလို့ MDY-PDF တာဝန်ရှိသူကပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က တော်လှန်စစ်အတွက် လူငယ်တပ်သားသစ်တွေ ထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ 

တော်လှန်ရေးအတွက် အထူးအရေးပါတဲ့ မဟာဗျူဟာမြောက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ရေးနဲ့ မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသက စစ်ကောင်စီ အချက်အချာနေရာတွေကို ဆက်လက်ခြိမ်းခြောက်နိုင်ရေးအတွက် အလုပ်ဆက်လုပ်ဖို့ လူငယ်တပ်သားသစ်တွေကို ဖိတ်ခေါ်တာလို့ ကြေညာချက်မှာဖော်ပြပါတယ်။ 

အောက်တိုဘာ ၂၉ ရက်က မိုးကုတ်နဲ့မိုးမိတ်မြို့တွေကို တအာင်းအမျိုးသားလွတ်မြောက်‌ရေး တပ်မတော် (TNLA) က လက်လွှတ်မယ်လို့ ကြေညာပြီးနောက် ရှမ်း-မန်းနယ်စပ်စစ်ရေးအခြေအနေတွေ ရှုပ်ထွေးနေတာပါ။

MDY-PDF အဖွဲ့မှ ကိုအော်စမွန်က “ကျနော်တို့ ထုတ်ပြန်ထားသလိုပဲပေါ့နော်၊ ဒီနွေဦးတော်လှန်ရေး ကာလအတွင်း သိမ်းယူခဲ့တဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေကို ကျနော်တို့ အလွယ်တကူတော့ လက်လွှတ်ဖို့မရှိပါဘူး။ ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ခုခံသွားဖို့ ရှိပါတယ်ဗျ။ ဒီအခြေအနေတွေဟာ တော်လှန်ရေးတစုံလုံးနဲ့ ပတ်သက်ပြီးတော့လည်း အရေးကြီးတဲ့အခြေအနေတွေ အလှည့်အပြောင်းတွေဖြစ်တာမို့ ကျနော်တို့နဲ့အတူ လက်တွဲဖို့လည်း ဖိတ်ခေါ်ပါတယ်ဗျ” လို့ ပြောပါတယ်။

လတ်တလောမှာတော့ မိုးကုတ်မြို့ကနေ ထွက်ခွာသွားတဲ့ TNLA တပ်ဖွဲ့ဝင်တွေရဲ့နေရာမှာ မန္တလေးဒေသတွင်းကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်နေရာယူထားပြီး မြို့ကိုကာကွယ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ မိုးကုတ်မြို့နယ်နဲ့ နယ်မြေချင်းဆက်စပ်တည်ရှိနေတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေမှာ စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

မတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး ကိုဒေါင်း က  “ကျနော်တို့မတ္တရာမြို့မှာ စစ်တပ်ဘက်က စစ်ဆင်ရေးတွေကတော့ မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်း ကုန်းပင်-ရုန်းပင်ကနေ အနောက်ကိုထိုးတာ။ တံတားဦး၊ တခါ တံတားဦးကနေ မြောက်ကိုထိုးသွားတဲ့ စစ်ကြောင်းက စကားပင်ဘက်တွေ ဈေးသစ်ဘက်တွေအထိ ရောက်နေပြီလို့လည်း သတင်းရရှိထားပါတယ်။ နောက်ထပ် ကျွဲကျားဘက်ကို ရောက်နေတဲ့ စစ်ကြောင်းကလည်း ကျနော်တို့ မြောက်ဘက်ကိုထိုးလာပါတယ်ဗျ၊ ချောင်းတော်ဝရွာဘက်ကိုရောက်သွားပြီ။ ပြည်သူတွေ တော်တော်များများလည်း ဖမ်းမိထားတယ်လို့ သတင်းရထားပါတယ်။ မတ္တရာမြောက်ဘက် ပင်းယကနေ မြောက်ဘက်ကို ကားလမ်းကြောင်းအတိုင်းထွက်တဲ့ စစ်ကြောင်းကကြတော့ တံငါ(တောင်)ရွာကို သူတို့သိမ်းဆည်းရမိသွားပါပြီဗျ၊ လက်နက်ကြီးတွေ ဒရုန်းတွေကတော့ နေ့စဉ်နေ့တိုင်းနီးပါး ညတိုင်းနီးပါးကို တိုက်ခိုက်မှုတွေကတော့ အမြဲတမ်းလိုလိုလုပ်နေပါတယ်ဗျ” လို့ ပြောပါတယ်။

မိုးကုတ်မြို့ လုံခြုံရေးစိန်ခေါ်ချက်ဟာ မန္တလေး-စစ်ကိုင်း-မကွေး အညာဒေသတခုလုံးအတွက် စိန်ခေါ်ချက်ဖြစ်လာတယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတယောက်က မှတ်ချက်ပေးပါတယ်။ 

တရုတ်အစိုးရရဲ့ဖိအားနဲ့ ကိုးကန့်တပ်က လားရှိုး ကိုပြန်ပေးခဲ့ရပြီးနောက် အလားတူဖြစ်စဉ်တွေ ထပ်ဖြစ်လာနိုင်တာကို ဒေသတွင်းတော်လှန်ရေးအစုအဖွဲ့တွေက ကြိုတင်ခန့်မှန်းထားကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေ က “ကျနော်တို့ကတော့ တချို့ကိစ္စတွေက မျှော်လင့်ထားပြီးသားဖြစ်တယ်ပေါ့။ တကယ် စစ်ပွဲလို့ပြောလို့ရတဲ့ဟာတွေက တိုင်းရင်းသားနယ်တွေမှာ ပိုပြီးတော့ဖြစ်နေတာပေါ့။ ဒီဟာတွေမှာ စစ်တပ်က အလုံးအရင်းနဲ့ Battle ဆိုင်နေတဲ့အခြေအနေမှာ ကျနော်တို့ ဒီအညာဒေသကိုတော့ ပါရာမော်တာတို့၊ ဂျိုင်ရိုကော်ပတာတို့လောက်နဲ့ ကျနော်တို့ကို ထိန်းထားတယ်ပေါ့ဗျာ၊ ဟိုဘက်မှာ တိုက်ပွဲတွေမရှိတော့ဘူး ပြီးသွားတယ်ဆို ကျနော်တို့ အညာဒေသကို ပြန်ဖိလာမှာပဲ။ ဒါက ကလေးတောင်တွေးတတ်တယ်ပေါ့။ တိုင်းရင်းသားအင်အားစုတွေက ထုနဲ့ထည်နဲ့တိုက်နိုင်တယ်၊ သူတို့ရဲ့တိုက်အား လျော့သွားတယ်ဆိုရင်တော့ ဖိအားက အညာဒေသကို သက်ရောက်လာမှာပဲ။ တဖက်မှာလည်း TNLA အနေနဲ့ အထွေထွေဖိအားတွေအောက်ကနေ အလုပ်လုပ်နေရတဲ့ အခြေအနေကို နားလည်တယ်။ အညာမှာတော့ တော်လှန်ရေးအင်အားစုတွေက ဘာမှမရှိတဲ့ အခြေအနေမှာတောင် တူမီးနဲ့စခဲ့သေးတာပဲလေ။ ဘယ်လိုအခြေအနေပဲကြုံရကြုံရ တော်လှန်ရေးကို စွန့်ခွာသွားဖို့ နောက်တွန့်သွားဖို့တော့ မရှိနိုင်ပါဘူးဗျ” လို့ ပြောပါတယ်။

မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ ပြန်လည်လက်လွှတ်ရမယ့် အခြေအနေဖြစ်လာတာပါ။ 

TNLA က စစ်ကောင်စီနဲ့အပစ်ရပ်စဲပြီး မိုးကုတ်မြို့ကို ပြန်လွှဲပေးမယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီးနောက် ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ပြည်သူကိုအသိပေးထားပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013