
အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေကို ဖိနှိပ်ဖို့ ပြဋ္ဌာန်းထားတဲ့ ရွေးကာဥပဒေခေါ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ အောက်တိုဘာ ၂၉ ရက်အထိ အရေးယူခံထားတဲ့သူ စုစုပေါင်း ၈၈ ယောက်ရှိပြီလို့ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်က နေပြည်တော်မှာလုပ်တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောတာပါ။
စစ်တပ်က အရေးယူထားတဲ့အထဲမှာ အမျိုးသား ၈၃ ယောက်နဲ့ အမျိုးသမီး ၅ ယောက် ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်က သူတို့လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင် ဝေဖန်သူတွေကို ဖိနှိပ်ဖို့အတွက် ရွေးကာဥပဒေကို ဇူလိုင်လ ၂၉ ရက်နေ့က အသက်သွင်းခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကို ဝေဖန်ရုံ၊ လူမှုကွန်ရက်ကနေ ရွေးကောက်ပွဲကို ဝေဖန်တဲ့ အကြောင်းအရာတွေကို Like လုပ်ပြီး ထောက်ခံရုံနဲ့တင် ဖမ်းဆီးတာတွေ လုပ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ကပဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားအပေါ် ဝေဖန်တာကို ထောက်ခံတယ်ဆိုပြီး ဒါရိုက်တာသက်လွင် (ခ) ဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာအောင်ချမ်းလူ (ခ) အေးချမ်းအောင်တို့ကိုဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်ကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားကို ဝေဖန်ခဲ့တဲ့ ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။




