
ပိုလန်လေတပ်က MiG-29 တိုက်လေယာဉ်တွေဟာ အောက်တိုဘာ ၃၀ ရက်က ဘောလ်တစ် ပင်လယ်ပေါ်မှာ ရုရှားထောက်လှမ်းရေးလေယာဉ် Il-20 ကို ကြားဖြတ်ဟန့်တားခဲ့ပြီး ဒါဟာ အခုအပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ရပ်တခုလို့ ပိုလန်ကာကွယ်ရေးဝန်ကြီး ဝါ့စ်ဒစ်စ်ဝါ့ဖ် ကိုရှိညက်ခ် ကာမစ်စ်က ပြောကြားခဲ့ပါတယ်။
ပိုလန်ဂျက်လေယာဉ်တွေဟာ အင်္ဂါနေ့က ဘောလ်တစ် ပင်လယ်ပြင်ပေါ်ရှိ နိုင်ငံတကာ လေပိုင်နက်မှာ ထောက်လှမ်းရေးမစ်ရှင်တခု ပျံသန်းနေတဲ့ ရုရှားလေယာဉ်တစင်းကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပိုလန်စစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ပိုလန်တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှုဌာနဟာ နောက်ပိုင်းမှာ လူမှုမီဒီယာပလက်ဖောင်းမှာ ဒီဖြစ်ရပ်ကို ဖော်ပြခဲ့ပြီး ကြားဖြတ်ခံရတဲ့ လေယာဉ်ရဲ့ ဓာတ်ပုံ အများအပြားကို ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၃၀ ရက်၊ မနက် ၉ နာရီမတိုင်ခင်မှာ ပျံသန်းမှုအစီအစဉ် တင်သွင်းထားခြင်းမရှိဘဲ နိုင်ငံတကာလေပိုင်နက်မှာ ပျံသန်းနေပြီး သူ့ရဲ့ ရေဒီယို အချက်ပြစနစ်ကိုလည်း ပိတ်ထားတဲ့ လေယာဉ်ကို ကြားဖြတ်ဖမ်းယူ၊ ဖော်ထုတ် အတည်ပြုပြီး တာဝန်ရှိနယ်ပယ်ရဲ့ အပြင်ဘက်ကို လိုက်ပါပို့ဆောင်ခဲ့ကြောင်းနဲ့ ပိုလန်လေပိုင်နက်ကို ချိုးဖောက်ခြင်း မရှိကြောင်းလည်း ဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ရုရှားဒရုန်း ၂၀ ကျော် ပိုလန်လေပိုင်နက်ထဲကို ဝင်ရောက်လာပြီး ရက်အနည်းငယ် အကြာမှာပဲ ရုရှားစစ်ဘက်ဂျက်လေယာဉ် ၃ စင်းဟာ အက်စ်တိုးနီးယား လေပိုင်နက်ကို ၁၂ မိနစ်ကြာ ချိုးဖောက်ခဲ့တဲ့ စက်တင်ဘာလကစပြီး NATO ရဲ့ အရှေ့ဘက်ခြမ်းရှိ နိုင်ငံတွေဟာ လေပိုင်နက် ကျူးကျော်မှုအတွက် အမြင့်ဆုံးသတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။
Source: Reuters


