
မြန်မာ့အရေး တောင်းဆိုမှုတွေနဲ့အတူ လေယာဉ်မပျံသန်းရဇုန် (No Fly Zone) သတ်မှတ်ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဆီ တောင်ကိုရီးယားရောက် မြန်မာတွေ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အာရှခရီးစဉ်မှာ နောက်ဆုံးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံကို အောက်တိုဘာ ၂၉ ရက်မှာ ရောက်ရှိလာခဲ့တာကြောင့် ကိုရီးယားမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေဟာ မြန်မာ့အရေးကို ကူညီပေးဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပြီး No Fly Zone (လေယာဉ်မပျံသန်းရဇုန်) သတ်မှတ်ပေးဖို့ပါတဲ့ အိတ်ဖွင့်ပေးစာတစောင်ကိုလည်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
သမ္မတထရ့မ်ပ်ဟာ ဆိုးလ်မြို့ကို မရောက်လာခဲ့ပေမဲ့လည်း ဆိုးလ်မှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ အောက်တိုဘာ ၂၉ နဲ့ ၃၀ ရက်တွေက ဆန္ဒထုတ်ဖော် တောင်းဆိုတာနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ - MFDMC က အတွင်းရေးမှူး - ၁ ကိုပိုင်က ပြောပါတယ်။
“၂၉ ရက်နေ့မှာ ကျနော်တို့ ကိုင်ဆောင်ထားတဲ့ ဗီနိုင်းတွေကို ပြင်ဆင်ပြီးတော့ ညတွင်းချင်းပဲ ဆိုးလ်ကို တက်သွားတယ်။ ဆိုးလ်မှာရှိတဲ့ အမေရိကန်သံရုံးကို သွားတယ်၊ သံရုံးကို လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကျနော်တို့က အကူအညီလိုတဲ့သူဆိုတော့ လုပ်စရာရှိတာ လုပ်မယ်ဆိုပြီးတော့ ညတွင်းချင်းပဲ တက်သွားတာပါ။ အာဏာသိမ်းစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို နေ့စဉ် သတ်ဖြတ်နေတယ်၊ လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ပေါ်တာဆွဲတယ်၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းပြီးတော့ စစ်မှုထမ်းခိုင်းတယ်၊ ဒါတွေကို ရပ်တန့်ပေးဖို့ ကျနော်တို့ အကူအညီတောင်းတာ ဖြစ်ပါတယ်။ ပြီးတော့ No Fly Zone ပေါ့နော်၊ ဒါတွေကို သတ်မှတ်ပေးဖို့ အကူအညီတောင်းတယ်။ အဲဒီမှာ ကျနော်တို့ စာတစောင်ကိုလည်း တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ပေးခဲ့ပါတယ်။”
သံရုံးဝန်ထမ်းတွေကတဆင့် သမ္မတဒေါ်နယ်ထရမ့်ပ်ဆီ ပေးပို့ခဲ့တဲ့စာမှာတော့ ဆန္ဒထုတ်ဖော်ရာမှာ ကိုင်ဆောင် တောင်းဆိုခဲ့တဲ့ စာသားတွေနဲ့အတူ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေမှာ ကူညီပေးဖို့နဲ့ No Fly Zone သတ်မှတ်ပေးဖို့တွေ ပါဝင်တယ်လို့ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တဲ့ ကိုရီးယားရောက် မြန်မာလူငယ်တယောက်ဖြစ်တဲ့ ကိုခိုင်လင်းဖြိုးကလည်း ပြောပါတယ်။
“အိတ်ဖွင့်စာထဲမှာတော့ နိုင်ငံမှာဖြစ်နေတဲ့ အခြေအနေအရ No Fly Zone ရကို ရရှိရမယ် ဆိုတဲ့အချက်၊ နောက်စစ်အုပ်စုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ် ဆိုတဲ့အချက်၊ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ပေးဖို့၊ လိုအပ်နေတဲ့ အကူအညီတွေ၊ လိုအပ်နေတဲ့ အထောက်အပံ့တွေ အဲဒါတွေကို အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်ပ် ဆီကနေ ကျနော်တို့က အမြန်ဆုံးရရှိဖို့၊ အမြန်ဆုံး လိုအပ်နေတဲ့အကြောင်း၊ နောက်ပြီး ကျနော်တို့ မျိုးဆက်က ဖမ်းဆီးခံ ရဲဘော်တွေ၊ ထောင်ထဲရောက်နေတဲ့ ဒီမိုကရေစီလိုလားတဲ့သူတွေကို အမြန်ဆုံးထုတ်ပေးဖို့၊ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးထုတ်ပေးဖို့၊ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်သည်သာ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်ကြောင်း ဒီအချက်တွေ ပါဝင်ပါတယ်။”
ဆန္ဒထုတ်ဖော်တောင်းဆိုနေတာတွေ သံရုံးတာဝန်ရှိသူတွေက မှတ်တမ်းတင်သွားခဲ့သလို ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာကိုလည်း သမ္မတထံ ပို့ဆောင်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ကိုခိုင်လင်းဖြိုးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၇ ရက်တုန်းကလည်း အမေရိကန်သမ္မတ ထရမ့်ပ် ရောက်ရှိနေချိန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အမေရိကန်သံရုံးရှေ့မှာလည်း အလားတူ ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ နေ့စဉ်ဆိုသလို ထိခိုက်သေဆုံးနေကြရပြီး အောက်တိုဘာ ၁ ရက်ကနေ ၂၉ ရက်အထိ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် လူပေါင်း ၂၈၉ ယောက် သေဆုံးခဲ့ရာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာက အများဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဝေဝေ


